အာဆင်နယ်နည်းပြ အာတီတာက မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်မှာ ယခုရာသီ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၁)အဖြစ် ယနေ့(စနေနေ့)တွင် မန်ယူအသင်းကို အိမ်ကွင်း အီမရိတ်စ်၌ လက်ခံကစားမည်ဖြစ်သည်။
အဆိုပါပွဲစဉ်အတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် အာတီတာက မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ယင်းကဲ့သို့ ချီးကျူးခဲ့ခြင်းဖြစ်သည်။
အာတီတာက “ဘရူနိုဖာနန်ဒက်စ်က ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားပါ။ ဒါကို မန်ယူအသင်းအတွက် ဒီရာသီမှာ သူ စွမ်းဆောင်ခဲ့တဲ့ အချက်အလက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ဆွဲတင်ခဲ့သူဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ပွဲတော်တော်များများမှာ သက်သေပြခဲ့ပါတယ်။ မန်ယူအသင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သက်ရောက်မှုက အလွန်ကြီးမားပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်းက သူ့ကို အရခေါ်ယူခဲ့တာဖြစ်ပြီး ပေးရတဲ့ကြေးနဲ့ တကယ်လည်း ထိုက်တန်ပါတယ်”ဟု ပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲ(၂၀)တွင် (၁၁)ဂိုး သွင်းယူပေးထားသလို၊ ပြိုင်ပွဲစုံ ပွဲ(၃၀)တွင် (၁၆)ဂိုးအထိ သွင်းယူပေးထားသည်။