မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုရာသီကုန်တွင် အသင်းအမှုဆောင်ချုပ်ရာထူးမှ အနားယူတော့မည့် အက်ဒ်ဝုဒ်ဝက်ဒ်၏နေရာတွင် အစားထိုးရန် အသင်း၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ရစ်ချတ်အာနိုးလ်အား အတည်ပြု ရွေးချယ်လိုက်ကြောင်း သိရှိရသည်။
ယခုနှစ်အစောပိုင်းက ဥရောပထိပ်သီးအသင်းများဖန်တီးခဲ့သည့် ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်ရန် စီစဉ်ခဲ့ခြင်းအတွက် အက်ဒ်ဝုဒ်ဝက်ဒ် အပေါ်တွင် ဖိအားများရှိခဲ့ပြီး ယင်းအငြင်းပွားမှုပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် အက်ဒ်ဝုဒ်ဝက်ဒ်က ရာသီကုန်တွင် သူ၏ရာထူးမှအနားယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့ဖြစ်ရာ မန်ချက်စတာယူနိုက်တက်အသင်းသည် အက်ဒ်ဝုဒ်ဝက်ဒ် နေရာတွင်အစားထိုးမည့်သူကို ရှာဖွေခဲ့ပြီး ယခုအခါ မန်နေးဂျင်းဒါရိုက်တာ ရစ်ချတ်အာနိုးလ်အား ခန့်အပ်မည့်ကိစ္စကို အသင်းပိုင်ရှင် ဂလေဇာမိသားစုကလည်း ခွင့်ပြုချက်ပေးလိုက်ကြောင်း သိရှိရသည်။
ဗြိတိန်လူမျိုး စာရင်းကိုင်တစ်ဦးဖြစ်သူ ရစ်ချတ်အာနိုးလ်သည် ၂၀၀၇ ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်အသင်း၏ စျေး ကွက်စီးပွားရေးဆိုင်ရာ ဒါရိုက်တာအဖြစ်စတင်တာဝန်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မန်နေးဂျင်းဒါရိုက်တာရာထူးသို့ တိုးမြှင့်ခံခဲ့ရသူဖြစ်သည်။
ရစ်ချတ်အာနိုးလ်သည် မန်ချက်စတာယူနိုက်တက်အသင်း၏ ရုပ်သံလိုင်းဖြစ်သော MUTV ၏ ဘုတ်အဖွဲ့ တွင်လည်း ပါဝင်သူတစ်ဦးဖြစ်ပြီး အသင်း၏ စျေးကွက်စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။