မန်ယူနှင့် ချဲလ်ဆီးအသင်းတို့သည် မေဆင်မောင့်၏ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ဖြင့်သဘောတူညီမှုရရှိလိုက်ကြပြီဖြစ်သည်။ မန်ယူသည် ပြီးခဲ့သည့်သီတင်းပတ်များက မောင့်အတွက် ကမ်းလှမ်းမှု ၃ ကြိမ်ပြုလုပ်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။ မနေ့ကမူ မန်ယူသည် ကနဦးပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းအခြားဆုကြေးပေါင် ၅ သန်း စုစုပေါင်း ပေါင်သန်း ၆၀ ဖြင့်ကမ်းလှမ်းရာ ချဲလ်ဆီးက အပြောင်းအရွှေ့အတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိမောင့်သည်လာမည့်တစ်ပတ်တွင် မန်ယူနှင့်ဆေးစစ်မှုခံယူမည်ဖြစ်သည်။ မောင့်သည် တစ်ပတ်လျှင်လုပ်ခပေါင် ၂၅၀၀၀၀ ဖြင့် ၅ နှစ်စာချုပ် ချုပ်ဆိုရန်လည်းရှိသည်။ မောင့်သည် တန်းဟက်၏ အဓိကအပြောင်းအရွှေ့ ပစ်မှတ်တစ်ခုဖြစ်သော်လည်း စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့ခြင်းကြောင့် မန်ယူက ပြောင်းရွှေ့ကြေးအများကြီး မပေးလိုသဖြင့် ယခုကဲ့သို့ ဆွေးနွေးမှု ကြန့်ကြာခဲ့ခြင်းဖြစ်သည်။
မောင့်သည် ချဲလ်ဆီး၏ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက်စုစုပေါင်း ၁၉၅ ပွဲကစားကာ ၃၃ ဂိုးသွင်းယူပေးထားနိုင်သည်။ ချဲလ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ် ဥရောပစူပါဖလားနှင့် ကလပ်အသင်းများကမ္ဘာ့ဖလားကိုလည်း အရယူနိုင်ခဲ့သည်။ မောင့်အသင်းပြောင်းသွားခြင်းသည် ချဲလ်ဆီးမန်နေဂျာသစ် ပိုချက်တီနိုအတွက်သတင်းဆိုးဖြစ်ကြောင်း အာဂျင်တိုင်းလူမျိုမန်နေဂျာသည် မောင့်ကို အသင်းတွင် နေရာပေးသွားရန စီစဉ်နေကြောင်းလည်း မီဒီယာများက ဆက်လက်ဖော်ပြသည်။ ချဲလ်ဆီးသည် အန်ကွန်ကူကို ခေါ်ယူထားပြီး ၎င်းသည် အသင်း၏ကွင်းလယ်တိုက်စစ်နေရာတွင်လည်း ကစားနိုင်ခြင်းကြောင့် မောင့်ကို ရောင်းထုတ်ခြင်းဖြစ်နိုင်ကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။
