ရီးယဲလ်ဝါရင့်တောင်ပံကစားသမား ဟာဇက်က မိမိအနေဖြင့် ရီးယဲလ်တွင် ဘာလုပ်နိုင်လဲဆိုသည်ကို ပြသသွားလိုသေးကြောင်း ပြောကြားခဲ့သည်။
အသက် (၃၁) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမား ဟာဇက်သည် ၂၀၁၉ နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း (၁၀၀) + Add-ons ကြေးများဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။
၎င်းသည် ရီးယဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး ခြေစွမ်းပြနိုင်ခြင်းမရှိသောကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသလို၊ ရောင်းထုတ်ခံရဖွယ်ရှိကြောင်းလည်း မကြာခဏသတင်းထွက်ပေါ်ခဲ့သူဖြစ်သည်။
သို့သော် ရီးယဲလ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဟာဇက်က အသင်းတွင် ဆက်နေပြီး မိမိ ဘာလုပ်နိုင်လဲဆိုသည်ကို ပြသသွားလိုသေးသည်ဟု ပြေကြားခဲ့ခြင်းဖြစ်သည်။
ဟာဇက်က “ဒီအသင်းမှာ ကစားခွင့် ရဖို့က ဘဝတစ်လျှောက်လုံးမက်ခဲ့ရတဲ့ အိပ်မက်ပါ။ စာချုပ်သက်တမ်းလည်း (၂)နှစ်ကျန်ပါသေးတယ်။ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ ပြသသွားချင်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။
ဟာဇက်သည် ရီးယဲလ်အသင်းတွင် (၃) ရာသီအတွင်း ပြိုင်ပွဲစုံ (၆၆) ပွဲသာ ကစားရသေးပြီး (၆) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။