ဆမ်ဒိုးရီးယားနည်းပြ ပီယာလိုက မိမိသည် ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၏ပရိသတ်ဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၀) အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၁၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ်အထိ ပြုလုပ်ထားသည်။
ထို့ ကြောင့် ဘယ်လင်ဟမ်သည် ၂၀၂၃ Kopa Trophy နှင့် Golden Boy ဆုများကို ရရှိထားပြီး အနာဂတ်တွင် Ballon d’Or ဆုကို ရမည့်သူအဖြစ် ထင်ကြေးပေးခံနေရသည်။
ပီယာလိုက ”ကျွန်တော်က ကစားသမားတစ်ယောက်ကိုကြည့်ရင် သူ့ရဲ့စိတ်နေစိတ်ထားနဲ့ စွမ်းရည်ကိုပဲ ကြည့်လေ့ရှိပါတယ်။ ဘယ်လင်ဟမ်က ဘောလုံးကစားဖို့ မွေးဖွားလာသူပါ။ သူက အလားအလာများစွာရှိပြီး အန်ဆယ်လော့တီလို နည်းပြမျိုးနဲ့ လက်တွဲခွင့်ရတာကလည်း အရမ်းကံကောင်းပါတယ်။ သူ့ကို ကျွန်တော် စောင့်ကြည့်လေ့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။