ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းတောင်ပံတိုက်စစ်ကစားသမား မာနေ၏အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးအသင်းမှ တရားဝင်ကမ်းလှမ်းလာမှုကို မျှော်လင့်စောင့်စားနေကြောင်း သိရသည်။
မာနေကို ချယ်လ်ဆီးအသင်းအပြင် အခြားပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် အာဆင်နယ်နှင့် နယူးကာဆယ်အသင်းအသင်းများမှလည်း အပြိုင်စိတ်ဝင်စားလျက်ရှိနေသည်။
အသက်(၃၁)နှစ်အရွယ်ရှိ မာနေသည် ပြီးခဲ့သည့်နွေရာသီကမှ လီဗာပူးလ်အသင်း မှ ဘိုင်ယန်အသင်းထံ ပေါင် (၂၇.၄)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။
၎င်းသည် ဘိုင်ယန်အသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၅)ပွဲတွင် (၁၂)ဂိုး သွင်းယူထားသည်။ ထို့ပြင် မာနေသည် မန်စီးတီးအသင်းကို (ဝ-၃)ဂိုးဖြင့် ရှုံးနိမ့်သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးတွင် အသင်းဖော် ဆာနေးအား နှုတ်ခမ်းပေါက်အောင် ထိုးကြိတ်ခဲ့သဖြင့် အသင်း၏ ဒဏ်တပ်ရိုက်ခြင်းကိုလည်း ခံခဲ့ရသည်။
မာနေသည် ဆာနေးနှင့် ပြဿနာဖြစ်ပွားပြီးနောက် ဘိုင်ယန်အသင်းတွင် တစ်ဦးတည်း သင်းကွဲဖြစ်နေပြီး ၎င်းနှင့်ပေါင်းသင်းသူမှာ နိုင်ငံအသင်းဖော် ဘူနာဆားတစ်ဦးတည်းသာရှိကြောင်း သိရသည်။
ထို့ကြောင့် ဘိုင်ယန်အသင်းသည် လာမည့်နွေရာသီတွင် မာနေအား ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ ထို့ပြင် ဘိုင်ယန်နည်းပြ တူဟယ်လ်အနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ ကာလတွင် ကစားသမားနှစ်ဦး ရောင်းထုတ်ဖွယ်ရှိရာ တစ်ဦးမှာ အသင်းနှင့် အဆင်မပြေဖြစ်နေသည့် မာနေဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ ဘိုင်ယန်အသင်းသည် မာနေ၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)ခန့် အလိုရှိနေသည်။