အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် ခရိုအေးရှား ၊ စကော့တလန်တို့နဲ့ရင်ဆိုင်မယ့် ပေါ်တူဂီအသင်းရဲ့နေးရှင်းလိဂ်လူစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ မှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း မာတီနက်ဇ်ရဲ့လူစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
ပေါ်တူဂီသားဟာ ယူရိုပြိုင်ပွဲမှာ ဂိုးပေါက်မတွေ့ခဲ့သလို ကွာတားဖိုင်နယ်မှာလည်း သူ့ရဲ့နိုင်ငံအသင်းဟာ ပြင်သစ်ကို ပင်နယ်တီနဲ့အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်နေဆဲဖြစ်ပြီး နိုင်ငံအတွက် ၂၁၃ ပွဲအထိ ပါဝင်ကစားထားကာ ၁၃၀ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ အခုနေးရှင်းလိဂ်ပြိုင်ပွဲအပြင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ရော်နယ်ဒိုနဲ့အတူ တိုက်စစ်ပိုင်းအတွက် မာတီနက်ဇ်မှာ ဖီးလစ် ၊ နက်တို ၊ ဂျိုတာ ၊ လီအို နဲ့ ဂွန်ကာလက်စ်တို့ရှိနေတာဖြစ်ပါတယ်။
ဆော်ဒီလိဂ်က လာမယ့်နိုင်ငံတကာနားရက်မှာ ရပ်နားမှာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာကန်မယ့် ခရိုအေးရှားနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။