ယူရိုပါလိဂ်မှာ ဘိုဒိုဂလင့်ကို ၃-၂ နဲ့အနိုင်ရရှိပြီးနောက် ပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းအတွက် ၂ ဂိုးအထိသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို ချီးကျူးရမယ့်အစား နောက်ခံလူ မာဇရာဝီကိုသာ အသင်းရဲ့အနာဂတ်ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်ဟာ အာမိုရင်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးအိုးလ်ထရက်ဖို့ဒ်ပွဲစဉ်ဖြစ်သလို၊ ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပြီး နော်ဝေးကလပ် ဘိုဒိုဂလင့်ကို နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ မာဇရာဝီဟာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့သလို၊ ဘောလုံးပေးပို့မှုအပိုင်းမှာလည်း ၉၅ ရာခိုင်နှုန်းအထိ တိကျမှုရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဘိုင်ယန်မြူးနစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ၄ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ဘယ်နောက်ခံ၊ ညာနောက်ခံ၊ ကွင်းလယ်နဲ့ ဗဟိုညာနောက်ခံကစားသမားတွေအဖြစ် နေရာစုံမှာ ကစားပေးထားနိုင်တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အသက်-၂၇ နှစ်အရွယ်ကစားသမားနဲ့ပတ်သက်ပြီး အာမိုရင်က “ မာဇရာဝီက မယုံနိုင်လောက်အောင် ထက်မြက်တဲ့ကစားသမားဖြစ်ပြီး ကျွန်တော်တို့ရဲ့ အနာဂတ်ကစားသမားပါ။ ပြီးတော့ နေရာစုံမှာ စွမ်းဆောင်ရည်အပြည့်နဲ့ ကစားနိုင်တဲ့ကစားသမားမျိုးလည်းဖြစ်ပါတယ်။ အမြဲတမ်း တက်ကြွနေပြီး လျင်လျင်မြန်မြန်ကစားနေပေမယ့် ကျွန်တော်တို့ သူဒဏ်ရာမရစေဖို့ ဂရုစိုက်ရပါမယ်။ ကစားရမယ့်ပွဲတွေက အများကြီးကျန်နေပါသေးတယ်။ ကျွန်တော်တို့လိုအပ်နေတာ ဒီလိုကစားသမားမျိုးပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်ရဲ့ ပွဲအစ ၁ မိနစ်မှာတင် ယူနိုက်တက်ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့ဂိုးနဲ့ ဘိုဒိုဂလင့်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၂၃ မိနစ်အတွင်းမှာပဲ ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ထို့နောက် အသင်းရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့လို့ အနိုင် ၃ မှတ်အပြည့်ရရှိခဲ့ပြီး ယူနိုက်တက်ဟာ ယူရိုပါလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။