လက်ရှိ ကာလအတွင်း မိုက်ကယ် အက်ဒ်ဝပ် ရဲ့ ရုံးခန်းမှာ စာချုပ်သစ် ကိစ္စတွေ နဲ့ အလုပ်များလျှက်ရှိနေပါတယ်။
ဂိုးသမား အလီဆွန် က ကွင်းလယ် ကစားသမား ဖာဘင်ဟို နည်းတူ ရာသီသစ် မစတင်မှီ အချိန်မှာပဲ စာချုပ်သစ် လက်မှတ်ရေးထိုးဖွယ် ရှိနေသလို ၊ ဗန်ဒိုက် ၊ ဆာလတ် ၊ မာနေး တို့ကိုလဲ အပြီးသတ် သဘောတူညီမှု ရယူနိုင်အောင် အားယူလျှက်ရှိနေပါတယ်။
သို့သော်လဲ အသင်းရဲ့ အဓိက မဏ္ဍိုင်ကြီး တစ်ခုဖြစ်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင် ရဲ့ စာချုပ်ဟာ နောက်ဆုံး 2 နှစ် အတွင်းကို ရောက်ရှိလာသည့်တိုင်အောင် ၊ စာချုပ်သက်တမ်း တိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အခုထိ ထူးခြားမှု တစုံတရာ မရှိသေးပါဘူး။
သတင်းတွေ အရတော့ နှစ်ဖက် တာဝန်ရှိသူတွေဟာ စာချုပ်သစ် ကိစ္စ ဆွေးနွေးနေတာ ကြာပြီ ဖြစ်သည့်တိုင်အောင် တိုးတက်မှု အလျဉ်းမရှိသေးဘူး လို့ သိရပါတယ်။ သို့သော်လဲ ရပ်တန့်ပစ်လိုက်တာမျိုးလဲ မဟုတ်သေးတာကြောင့် ၊ ရှုပ်ထွေးတဲ့ အနေအထား တစ်ခုမှ ရှိနေဆဲလို့ ယူဆရပါတယ်။
ဟန်ဒါဆင်ဟာ လာမယ့် နိုဝင်ဘာလ ရောက်ရင် 31 နှစ် ပြည့်မှာ ဖြစ်ပြီး ၊ လက်ရှိမှာ အင်္ဂလန် နဲ့အတူ ယူရိုပွဲ ဆင်နွှဲထားတာ ဖြစ်လို့ အားလပ်ရက် ခရီး ထွက်နေပါတယ်။
လီဗာပူး ပရိသတ်တွေ အတွက်တော့ မကြာခင်ကပဲ အဓိက ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်တဲ့ ဝိုင်နယ်ဒမ် ကို ဆုံးရှုံးထားရတာကြောင့် ၊ ဟန်ဒါဆင် ကိုလဲ အလားတူ လမ်းကြောင်းမျိုး ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းကြရမယ့် အနေအထားမှာ ရှိနေပါတယ်။
စာချုပ် သက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်မှာ ဝိုင်နယ်ဒမ်ဟာ 31 နှစ် အရွယ်သာ ရှိသေးပေမယ့် ၊ ဟန်ဒါဆင် ကတော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ 33 နှစ် ရှိနေမှာပါ။
FSG နဲ့ ဝိုင်နယ်ဒမ် အကြား စာချုပ်သစ် ဆိုင်ရာ ကိစ္စတွေ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြသည့်တိုင်အောင် ၊ ကစားသမား လိုချင်တဲ့ စာချုပ်ပုံစံမျိုး အသင်းဘက်က လိုက်လျောပေးခြင်း မရှိတာက သတိပြုရမယ့် အဓိက အချက်တစ်ခု ဖြစ်ပါတယ်။
နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ ဟန်ဒါဆင် ကို အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ရော ၊ ပုဂ္ဂိုလ်ရေးရာ အရပါ လေးစား တန်ဖိုးပြီးသားပါ။ သူတို့ အကြားက ဆက်ဆံရေးကလဲ အရမ်းကို နီးစပ်မှု ရှိပါတယ်။ ဒါကြောင့် မကြာသေးခင်က ရယူခဲ့တဲ့ အောင်မြင်မှုတွေ အကြောင်း ပြောဆိုတဲ့ အခါတိုင်း ကလော့ပ်ဟာ ဟန်ဒါဆင် ရဲ့ အခန်း ကဏ္ဍကို လေးလေးနက်နက် ထားပြီး ထုတ်ပြောလေ့ရှိပါတယ်။
စာချုပ်သစ် ကိစ္စရပ်တွေမှာသာ ကလော့ပ် တစ်ဦးတည်း ဆုံးဖြတ်ချက် ချခွင့်ရမယ် ဆိုရင် ၊ အခုချိန် ဟန်ဒါဆင် ဟာ လီဗာပူး နဲ့ စာချုပ်သစ်ကိုတောင် ချုပ်ဆိုပြီးလောက်ပါပြီ။ သို့သော် ဝိုင်နယ်ဒမ် ရဲ့ အဖြစ်အပျက်ကို ကြည့်လိုက်ရင်ပဲ ကလော့ပ် တစ်ဦးတည်း အပေါ် မူတည်နေခြင်း မရှိဘူး ဆိုတာက ထင်ရှားလို့ နေပါတယ်။
ကလော့ပ်ဟာ ဝိုင်နယ်ဒမ် ကို ဆက်ထိန်ထားချင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည့်တိုင်အောင် ၊ စာချုပ်သစ် ကိစ္စမှာတော့ မိုက်ဂေါ်ဒွန် ၊ မိုက်ကယ် အက်ဒ်ဝပ် တို့နဲ့ တိုင်ပင်ပြီးမှသာ ဆုံးဖြတ်ချက် ချလေ့ရှိတာ သေချာပါတယ်။
FSG ရဲ့ ဘက်ကနေ ကြည့်လိုက်မယ် ဆိုရင်လဲ အသက်ကြီးလွန်းတဲ့ ကစားသမားစာရင်း ဖြစ်မသွားအောင် ဂရုတစိုက် နဲ့ လုပ်ဆောင်လျှက် ရှိနေဟန်ပါ။
မာနေး ၊ ဆာလတ် ၊ ဖာမင်နို ၊ မာတစ် ၊ ရှာကွီရီ တို့အားလုံးဟာ 29 နှစ် ရှိနေပြီ ဖြစ်သလို ၊ ဗန်ဒိုက် ၊ တီယာဂို တို့ကလဲ 30 ဝန်းကျင် ရောက်နေပါပြီ။ အသင်းရဲ့ Leadership ပိုင်းကို ဦးဆောင်ထားတဲ့ ဟန်ဒါဆင် က 31 နှစ် ၊ ဒုတိယ ကက်ပတိန် မေလ်နာ 34 နှစ်တွေ အသီးသီး ဖြစ်နေကြတဲ့ အတွက် ၊ သွေးသစ်လောင်းပြီး မျှမျှတတ တည်ဆောက်ဖို့က စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါတယ်။
သို့သော် အဝတ်လဲခန်း အတွင်းက ဟန်ဒါဆင် ၊ မေလ်နာ တို့ရဲ့ အရေးပါမှုတွေကိုတော့ လစ်လျူရှုထားလို့ မရပါဘူး။
အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ အကြားမှာတော့ ဟန်ဒါဆင် နဲ့ လီဗာပူး တို့အကြားက အခြေအနေတွေကို PSG နဲ့ အေတီကို တို့က စောင့်ကြည့်နေတယ်လို့ ရေးသားနေကြပါတယ်။ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို ဟာ ဟန်ဒါဆင် ရဲ့ စွမ်းဆောင်ရည်ကို သဘောကျသူ ဖြစ်ပြီး ၊ အေတီကို ကလဲ လူးဝစ် ဆွာရက် ကနေတဆင့် လျှို့ဝှက် စုံစမ်းမှုတွေ ရှိထားနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
လီဗာပူး ဟာ ဟန်ဒါဆင် လို ကစားသမား တစ်ယောက်ကို လက်လွှတ်ခံဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းပါးပေမယ့် ၊ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။