လာမည့်နွေရာသီတွင် မန်ယူအသင်းအား စတင်တာဝန်ယူကိုင်တွယ်မည့် နည်းပြ အဲရစ်တန်ဟက်ဂ်သည် အသင်းသစ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် အေဂျက်စ်အသင်း၏ ကူရာရှာအိုခရီးစဉ်သို့ လိုက်ပါသွားခြင်း မရှိကြောင်း သိရသည်။
အေဂျက်စ်အသင်းသည် ဒတ်ချ်လိဂ်ရာသီပိတ်ပွဲစဉ် အဖြစ် တနင်္ဂနွေနေ့က ဗွီတက်ဆီအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။
ယင်းပွဲမှာ တန်ဟက်ဂ်အတွက် အေဂျက်စ်နည်းပြဘဝ နောက်ဆုံးပွဲဖြစ်ပြီး စပွန်ဆာခရီးစဉ်အဖြစ် ကူရာရှာအိုကျွန်းနိုင်ငံသို့သွားရောက်၍ လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း တန်ဟက်ဂ်က အတူလိုက်ပါခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဗွီတက်ဆီအသင်းနှင့်ပွဲအပြီးတွင် တန်ဟက်ဂ်က ”လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ အသင်းသစ်ကို သွားရမယ့်သူတိုင်းက ဒီလိုပါပဲ။ ကစားသမားတွေအပြင် နည်းပြအဖွဲ့ဝန်ထမ်းတွေနဲ့ပါ လုပ်စရာကိစ္စတွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေကို တနင်္လာနေ့ကစပြီး သေသေချာချာ လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
အသက် (၅၂) နှစ်ရှိပြီဖြစ်သည့် ဒတ်ချ်နည်းပြ တန်ဟက်ဂ်သည် မန်ယူအသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထားပြီး သက်တမ်းတစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။
၎င်းသည် မန်ချက်စတာမြို့သို့ တနင်္လာနေ့တွင် ရောက်ရှိခဲ့ပြီး မေ (၂၂) ရက်တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်ကို ကွင်းအတွင်း ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။