မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးက မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခြေရှိနေဆဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးတွင် ရမှတ် (၂၈)မှတ်ဖြင့် အဆင့် (၇)နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်း(၃၉ မှတ်)နှင့် (၁၁)မှတ်အထိ ကွာဟနေသလို၊ အဆင့် (၄)မှ မန်စီးတီးအသင်း (၃၄မှတ်) နှင့်ပင် (၆)မှတ်ထိ ကွာဟနေသည်။
ထို့ကြောင့် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ရာထူးမှ ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့သော် မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးက မန်ယူအသင်းမှာ ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခြေရှိဆဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးက ”ပရီးမီးယားလိဂ်ရာသီက ကုန်ဆုံးဖို့ အများကြီးလိုပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ မန်ယူအသင်းကို ချန်ပီယံလောင်းစာရင်းက ဖယ်ထုတ်လို့ လုံးဝမရသေးပါဘူး။ မန်ယူအသင်းဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် အဂွဲရိုးက စပါးနှင့် နယူးကာဆယ်အသင်းတို့မှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။