မန်ယူအသင်း၏တရားဝင်ကစားသမားဖြစ်လာသည့် စီရော်နယ်လ်ဒိုက အသင်းနှင့်အတူ အလွန်အောင်မြင်သည့်ရာသီတစ်ခုဖြစ်လာရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုအား စာချုပ်ချုပ်ဆိုနိုင်မှုကို မန်ယူအသင်းဝက်ဘ်ဆိုက်က တရားဝင်ကြေညာရာတွင် သူ၏နှုတ်ခွန်းဆက်စကားကို ထည့်သွင်းဖော်ပြခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများရယူရန် ဆန္ဒပြင်းပြနေပြီး ယင်းကဲ့သို့ ကြုံးဝါးခဲ့ခြင်းဖြစ်သည်။
”မန်ချက်စတာယူနိုက်တက်အသင်းဟာ ကျွန်တော့်နှလုံးသားရဲ့အထူးနေရာမှာ အမြဲတမ်းရှိနေတဲ့ ကလပ်အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့သောကြာနေ့ ကြေညာချက်ထုတ်ပြန်ကတည်းက ကျွန်တော်လက်ခံရရှိတဲ့ မက်ဆေ့ချ်တွေကလည်း အလွန့်အလွန်ပါပဲ။ ပရိသတ်အပြည့်ရှိတဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားဖို့၊ အသင်းပရိသတ်အားလုံးနဲ့ ပြန်ဆုံဖို့ မစောင့်နိုင်တော့ပါဘူး။ နိုင်ငံတကာပွဲတွေပြီးနောက်မှာ အသင်းနဲ့ပူးပေါင်း မယ့်အရေးကို ကျွန်တော် စောင့်စားနေပါတယ်။ ပြီးတော့ အခုရာသီမှာ အရမ်းအောင်မြင်တဲ့ရာသီတစ်ခု ဖြစ်လာဖို့လည်း ကျွန်တော် မျှော်လင့် ထားပါတယ်”ဟု စီရော်နယ်လ်ဒိုက အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်သောကြာနေ့ကတည်းက သဘောတူညီမှုရရှိထားသည့် ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်း တိုးခွင့်အချက်ကိုပါ စာချုပ်တွင် ထည့်သွင်းထားကြောင်း သြဂုတ် ၃၁ ရက်က အတည်ပြုကြေညာခဲ့သည်။
သတင်းများတွင်ဖော်ပြချက်အရ မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ပေးချေရပြီး Add-ons ကြေးအဖြစ် ငါးနှစ်ကျော်အတွင်း ယူရို ၈ သန်းပေးချေရမည်ဖြစ်ကာ ယင်းထဲမှ ယူရို ငါးသန်းကို ဂျူဗင်တပ်စ် အသင်းထံ သေချာပေါက် ပေးရဖွယ်ရှိသည်။