ကြာသပတေးနေ့ညက ကစားသည့်ပွဲတွင် ချဲလ်ဆီးအသင်းကို ၄-၁ ဖြင့်အနိုင်ရရှိပြီးနောက် မန်ယူသည် လက်ရှိဘောလုံးရာသီတွင် အဆင့် ၄ အတွင်းဝင်ရန်သေချာသွားပြီး လာမည့်နှစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ကိုဝင်ရောက်ခွင့်ရရှိသွားပြီဖြစ်သည်။
မန်ယူအတွက်ဂိုးများကို ကာဆီမီရို မာစီရယ် ဖာနန်ဒက်စ်နှင့် ရက်ရှ်ဖို့တို့က သွင်းယူခဲ့သည်။ မန်ယူသည် လက်ကျန်နှစ်ပွဲတွင် တစ်မှတ်ရလျှင် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်ရာ ချဲလ်ဆီးကို ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရလိုက်ခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ပြည့်ဝသွားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် လီဗာပူး၏ အဆင့် ၄ အတွင်းဝင်ရေး မျှော်လင့်ချက်လည်း အဆုံးသတ်သွားသည်။
ချဲလ်ဆီးကို အနိုင်ရသောပွဲအပြီးတွင် တန်းဟက်က “မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်ရသင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားရတာခက်ခဲတယ်ဆိုတာလည်း မှန်ပါတယ်။ ပရီးမီးယားလိဂ်လို ခက်ခဲတဲ့ပြိုင်ပွဲမှာ အခုလောက်ကစားနိုင်တာကကို ကြီးမားတဲ့ ကြိုးစားအားထုတ်မှုလို့ ပြောလို့ရပါတယ်”ဟု ပြောဆိုလိုက်သည်။
ဥရောပချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့သော မန်ယူသည် လက်ရှိအချိန်တွင် ရမှတ် ၇၂ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး တစ်ပွဲကစားရန် ကျန်နေသည်။ အဆင့် ၅ နေရာမှ လီဗာပူးနှင့် မန်ယူသည် ၆ မှတ်ကွာနေသည်။ အဆင့် ၄ နေရာမှ နယူးကာဆယ်သည် ဗုဒ္ဓဟူးနေ့ညက လက်စတာနှင့်သရေကျပြီးနောက် ရာသီအကုန်တွင် မန်ယူနှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် သေချာသွားခဲ့သည်။
ချဲလ်ဆီးအသင်းနှင့်ပွဲတွင် မန်ယူအတွက် ပင်နယ်တီမှ တဆင့် တစ်ဂိုးသွင်းပေးခဲ့သော ဖာနန်ဒက်စ်က “ဒီနှစ်ဘောလုံးရာသီက မန်ယူအတွက် အပြည့်စုံဆုံးရာသီတစ်ခုမဟုတ်ပေမယ့် ရာသီကောင်းတစ်ခုပါ။ အပြည့်စုံဆုံးမဖြစ်တာကတော့ ကျွန်တော်တို့ အခုထက်ပိုပြီး လုပ်ပြချင်လို့ပါ။ ဒါပေမယ့် ဒီနှစ်ရာသီမှာ လုပ်ပြခဲ့တာက ကောင်းတယ်လို့ ပြောဖို့တော့ လုံလောက်ပါတယ်။ လက်ရှိအချိန်အထိ မန်ယူကဖလားတစ်လုံးရပြီး အဆင့် ၄ အတွင်းလည်း ဝင်နိုင်လိုက်ပါပြီ။ အခုတော့ ပရီးမီးယားလိဂ် ရာသီ အပြီးမှာ အက်ဖ်အေဖလားဗိုလ်လုပွဲကစားပြီး အနိုင်ယူပြနိုင်ဖို့ပဲ ကျန်ပါတော့တယ်”ဟု ပြောဆိုလိုက်သည်။
မန်ယူသည် ချဲလ်ဆီးကို အနိုင်ရလိုက်သော်လည်း လုခ်ရှောနှင့် အန်ထော်နီတို့ ဒဏ်ရာရလိုက်ခြင်းအတွက် စိတ်ပူစရာဖြစ်ခဲ့ရသည်။