ပွဲစဥ်တွေ ရက်ဆက် ကစားနေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ်ကွင်းထဲ လက်စတာ စီးတီး အသင်းကို ဧည့်ခံ ကစားရာမှာ အဓိက ကစားသမား အများစုကို အနားပေးပြီး အရံလူ များစွာနဲ့ ကစားခဲ့တဲ့နောက် 1-2 နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် မန်စီးတီးတို့ အမှတ်ပေး ဖလား ဆွတ်ခူးသွားနိုင်ခဲ့ပါတယ် ။
အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အမှတ်ပေး ဖလားကို သိမ်းပိုက်သွားတဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို အမွှမ်းတင် ချီးကျူး ဂုဏ်ပြုရင်း ယူနိုက်တက်ရဲ့ ကစားသမား စာရင်းကို တောင့်တင်းအောင် လုပ်ဆောင်ဖို့ လိုအပ်သေးကြောင်း အသင်းဆီ မက်ဆေ့ ပို့ဆောင်သွားခဲ့ပါတယ် ။
” စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုမယ်ဆိုရင်တော့ အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကို ပိုမိုအင်အားတောင့်တင်းအောင် သေချာပေါက် လုပ်ဆောင်ရပါလိမ့်မယ် ။ မန်စီးတီးကိုတော့ ကွန်ဂရက်ကျူလေးရှင်းပါ ၊ သူတို့တွေဟာ အံ့ဖွယ်ကောင်းတဲ့ ဘောလုံးရာသီ တစ်ခု ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ် ”
” ကျွန်တော့် ကောင်လေးတွေနဲ့ ပတ်သက်လို့ အရမ်းကို ကျေနပ်မိပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ဥရောပ အကောင်းဆုံး အသင်းလို့ အသံကျယ်လောင်နေတဲ့ မန်စီးတီးလို အသင်းမျိုးကို ရာသီကုန်ဖို့ ၁၀ရက် အလိုလောက်မှ ဖလားရအောင် ဆွဲထားနိုင်ခဲ့လို့ပါပဲ ။ ဟုတ်ပါတယ် ၊ သူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ”
” ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ဆင့် သွားလိုကြပါတယ် ။ ဒီအတွက် ပိုမို တောင့်တင်းတဲ့ အသင်းကို ပိုင်ဆိုင် နိုင်ဖို့ ကျွန်တော်တို့ ကစားသမား နှစ်ယောက်လောက် ခေါ်ယူ အင်အားဖြည့်တင်းရပါလိမ့်ဦးမယ် ” လို့ ဆိုးလ်ရှားက အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဆီပါ တစ်ပါးထဲ မက်ဆေ့ပို့သွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမာဟောင်းဖြစ်သူ ရီယို ဖာဒီနန် ကတော့ ယူနိုက်တက်တို့ ကစားသမား အပြောင်းအလဲ များစွာ လုပ်ဆောင်ပြီး နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် မန်စီးတီး အသင်းကတော့ ဒါကို လုပ်နိုင်စွမ်းရှိတဲ့ ကစားသမား စာရင်းကို ပိုင်ဆိုင်ထားကြောင်း နှိုင်းယှဥ် ပြောကြား သွားခဲ့လိုက်ပါတယ် ။
” ဒီပွဲက (အင်အား ကွာဟနေကြောင်း) သက်သေပါပဲ ။ ပွဲထွက် ကစားသမား စာရင်း ပြောင်းလဲတဲ့ အခါမှာ ဘာတွေ ဖြစ်လာလဲဆိုတာ ခင်ဗျားတို့ မြင်ခဲ့ပါပြီ ။ မန်စီးတီးသာဆိုရင် ဒါကို (ပိုကောင်းအောင်) လုပ်ပြနိုင်မှာပါ ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ လူငယ်လေးတွေနဲ့ ပွဲထွက် လာခဲ့ပါတယ် ။ တောင်ပံ ကစားသမား နှစ်ယောက်ဆိုရင် အတွေ့အကြုံ မရှိကြသူတွေပါပဲ ”
” မန်စီးတီး အသင်းက ကစားသမား အပြောင်းအလဲ 11 ယောက် လုပ်လိုက်ရင်တောင်မှ သူတို့က first line up 11 ကွင်းထဲ ဝင်လာတယ်လို့ပဲ ခံစားရပါတယ် ။ အသင်းမှာ အပြောင်းအလဲ ဖြစ်သွားတယ်လို့တောင် မခံစားရပါဘူး ။ ဒါက ကစားသမား အင်အား တောင့်တင်းမှုကြောင့်ပါပဲ ”
” မန်ချက်စတာ ယူနိုက်တက် အသင်းကို အဲ့ဒီလို အဆင့် ရောက်စေဖို့ဆိုရင် အိုလီပြောတာ မှန်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ စျေးကွက်ထဲမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ သေချာပေါက် လုပ်ကြလိမ့်မယ်လို့ ကျွန်တော် စိတ်ကူးယဥ်မိပါတယ် ” လို့ ဖာဒီနန် က သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။