နယူးကာဆယ်မှာ အဓိကကစားသမားအချို့ မကစားနိုင်ခဲ့တာတော့ ပြောစရာရှိတယ်။ ဒါပေမဲ့ မန်စီးတီးရဲ့ကစားပုံက အရမ်းကောင်းပါတယ်။ ဟာကွက်မရှိ၊ အားနည်းချက်မရှိ၊ ဘောလုံးကို စိတ်ကြိုက်ကိုင်တယ်။ စိတ်ကြိုက်ခင်းကျင်းတယ်။ ခံစစ်ကစားသမား (၅)ဦးနဲ့ ပိတ်ဆို့ကစားတဲ့အသင်းကို ခွဲထုတ်ရှင်းလင်းသွားပုံက လွယ်ကူလွန်းတယ်။ မန်စီးတီးခံစစ်က CB နှစ်ဦးနဲ့ ဂိုးသမား အီဒါဆန် တို့ကတော့ တစ်ပွဲလုံး အလုပ်မလုပ်ခဲ့ရသလောက် ဖြစ်ပြီး ပွဲအစအဆုံး ကွင်းလယ်ကပဲ ထိန်းချုပ်သွား ခဲ့တယ်။ မန်စီးတီးရဲ့ဖြတ်သန်းပုံက နည်းနည်းတော့ ကသိကအောက်နိုင်စရာကောင်းတယ်။ လီဗာပူးလ်ကို ဂိုးပြတ်သွင်းပြီးတော့ ဆောက်သမ်တန်ကို ပြန်ရှုံးတယ်။
အခု ဒီပွဲမှာ ဂိုးမိုးရွာခဲ့ပြန်တယ်။ ရလဒ်တွေ ဒီလောက်လူးလွန့်နေတာကို သူကိုယ်တိုင်လည်း နားမလည်နိုင်ဘူးလို့ ဂွါဒီယိုလာကိုယ်တိုင် ဝန်ခံခဲ့တယ်။ တကယ်လည်း ပရိသတ်တွေအတွက် နားလည်ရခက်လွန်းပါတယ်။ ဆောက်သမ် တန်နဲ့တုန်းက (၂၆)ကြိမ်ကန်ခွင့်ရပြီး ဂိုးမရခဲ့တဲ့တိုက်စစ်ဟာ ဒီပွဲမှာတော့ (၂၃)ကြိမ်ကန်သွင်းပြီး (၅)ဂိုးသွင်းခဲ့တယ်။ အဖွင့်ဂိုးက ဖိုဒန်-ဆေးလ်ဗား အတွဲအဖက်ကနေ ဂျေးဇူး သွင်းခဲ့ပြီး ဒုတိယဂိုးကလည်း ဖိုဒန်ဆီကစတယ်။ ဖိုဒန်-ဒီဘရိုင်းနား အတွဲအဖက်ကနေ မာရက်ဇ် သွင်းယူခဲ့ခြင်းဖြစ်တယ်။
အကောင်းဆုံးကစားသွားတာက ဒေးဗစ်ဆေးလ်ဗားဖြစ်ပြီး ဒီဘရိုင်းနား အပင်ပန်းခံစရာတောင် မလိုလိုက်ဘူး။ သူတစ်ဦးတည်း ရုန်းကန်မွှေနှောက်သွားခဲ့တယ်။ စတာလင်အတွက် တစ်ဂိုးဖန်တီးပေးခဲ့သလို၊ ကိုယ်တိုင်လည်း ဖရီးကစ်ကနေ လှလှပပ သွင်းယူခဲ့တယ်။ ဒီဖရီးကစ်ရဲ့လူတံတိုင်းက ဒီဘရိုင်းနားအတွက် ရည်ရွယ်ပြီး ကာထားပုံရတယ်။ ဆေးလ်ဗားက ဘယ်ခြေနဲ့ အသာလေးကန်သွင်းသွားခဲ့တယ်။ မန်စီးတီးတတိယဂိုးကတော့ နယူး ကာဆယ်ဘက်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။