လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မန်စီးတီးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် သူ့အသင်း၏ဂိုးမိုးရွာနေမှု အဆုံးသတ်သွားမည်ကို စိုးရိမ်ပူပန်မိကြောင်း ပေါ်တိုအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် လာမည့်တနင်္ဂနွေနေ့(အောက်တိုဘာ ၃ ရက်)တွင် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အိမ်ကွင်း အန်ဖီးလ်တွင် လက်ခံကစားရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၂)တွင် ပေါ်တိုအသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရပြီးနောက် ယခုရာသီ ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲဆက် တစ်ပွဲလျှင် အနည်းဆုံး(၃)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။
ယင်းမှတ်တမ်းမှာ အသင်းသမိုင်းတွင် တတိယအကြိမ်မြောက်ဖြစ်ပြီး ၁၈၉၂ အောက်တိုဘာလနှင့် ၂၀၀၉ မေလတို့တွင်လည်း ယင်းကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လီဗာပူးလ်အသင်းသည် ပေါ်တိုနှင့်ပွဲအပြီးတွင် (၁၇)ရက်အတွင်း ဂိုး (၂၀)အထိ သွင်းယူနိုင်ခဲ့သလို၊ ယခုရာသီ ပြိုင်ပွဲစုံ (၉)ပွဲတွင် (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
သို့သော် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းတွင် ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ဂိုးရရန်လွယ်ကူမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က ”ကျွန်တော်တို့ မန်စီးတီးအသင်းနဲ့ ကစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးအသင်းကို ဂိုးဘယ်လောက်သွင်းမယ်လို့ စဉ်းစားနေတာက အခုအချိန်မှာ သိပ်အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးအသင်းနဲ့ ကစားတဲ့အခါ အခွင့်အရေးတစ်ကြိမ်ရဖို့အတွက် ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်မျိုး လိုအပ်ပါတယ်။ အဲဒီအတွက် ကျွန်တော် မျှော်လင့်နေပြီး အိမ်ကွင်းလည်းဖြစ်လို့ ရလဒ်ကောင်းဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ နားရက် (၅)ရက်အထိ ရရှိထားတာကြောင့်လည်း မန်စီးတီးနဲ့ပွဲအတွက် လန်းဆန်းနေပါလိမ့်မယ်”ဟု ဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆)အပြီးတွင် သွင်းဂိုး (၁၅)ဂိုးဖြင့် ဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေပြီး မန်စီးတီးအသင်းမှာလည်း (၁၂)ဂိုးသွင်းယူထားသည်။
ထို့ပြင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းကို ၂၀၀၃ ခုနှစ်မှစပြီး အနိုင်မရခြင်းကို ပြီးခဲ့သည့်ရာသီက (၄-၁)ဂိုးဖြင့် အနိုင်ယူကာ ချေဖျက်ထားသည်။
သို့သော် လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုက ပေါ်တိုကို အနိုင်ရခဲ့သည့်အတွက် မိမိတို့ စိတ်အားတက်ကြွနေပြီး အန်ဖီးလ်ကွင်းတွင် ပရိသတ်များကြောင့် မန်စီးတီးကို အနိုင်ရမည်ဟုယုံကြည်ကြောင်း ဆိုခဲ့သည်။