လွန်ခဲ့တဲ့လ ၂၀ လောက်က လေ့ကျင့်ခန်းအစီအစဉ်မှာ အချင်းများခဲ့ပြီးနောက် စီးတီးနည်းပြ ဂွါဒီယိုလာက ကန်ဆယ်လိုကို အသင်းအတွက် နောက်တစ်ကြိမ်ပါဝင်ကစားပေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ကန်ဆယ်လိုဟာ ဂွါဒီယိုလာနဲ့ဆက်ဆံရေး အဆင်မပြေခဲ့ပြီးနောက် ဘိုင်ယန် နဲ့ ဘာစီလိုနာအသင်းတွေဆီမှာ အငှားထွက်ကစားခဲ့ရပါတယ်။
“သူ(ကန်ဆယ်လို) ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းဆင်းနေပါတယ်။ ကျွန်တော်တို့ ဆက်စောင့်ကြည့်ပြီး ဆက်နေမလား ဒါမှမဟုတ် အငှားချမလားဆိုတာ ကြည့်ပါမယ်။ ကျွန်တော် အခုတော့ မသိသေးပါဘူး။ သူကောင်းကောင်းလုပ်ဆောင်နေပါတယ်။ သူက လေ့ကျင့်ခန်းဆင်းရတာကို ချစ်မြတ်နိုးသလို ဘောလုံးကစားရတာကိုလည်း ကြိုက်ပါတယ်။ အသင်းမှာ နောက်တစ်ကြိမ်ပါဝင်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ ကျွန်တော်တို့ပြန်စကားပြောနေပါပြီ။ ဒါပါပဲ။ ဘာဆက်ဖြစ်မလဲဆိုတာ သူ့အေးဂျင့် နဲ့ အသင်းအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ သူ့ကိုအခြားကစားသမားတွေနည်းတူ ဆက်ဆံပါတယ်။ လေးစားမှုအပြည့်နဲ့ဆက်ဆံသလို သူ့ဆီကနေ အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ယူချင်ပါတယ်။ သူ့မှာ အရည်အချင်းကောင်းတွေရှိနေတယ်ဆိုတာ ကျွန်တော်ဘယ်တုန်းကမှသံသယမရှိခဲ့ပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက ကီဗင်ဟာ အနာဂတ်မှာ စီးတီးရဲ့ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူဖြစ်လာနိုင်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “သူ့အနေနဲ့ ပွဲကစားချိန်မိနစ်တွေလိုအပ်နေတာပါ။ ပွဲထွက်ခွင့်မိနစ်နဲ့ သူထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်မှာ သူဒီကိုပြန်လာပြီး ပုံမှန်ပွဲထွက်ခွင့်ရလာမှာ သေချာပါတယ်”လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
စီးတီးဟာ လာမယ့်ရာသီသစ်အဖြစ် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။