spot_img

မန်စီးတီးမှာ တည်ငြိမ်မှုမရှိဘူးလို့ ဖီယင်နုနဲ့ပွဲစဉ်အပြီး ထုတ်ပြောလာတဲ့ ပက်ဂွါဒီယိုလာ

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြိုင်ဘက်ဖီယင်နုကို သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးမှ ပွဲချိန်နောက်ဆုံး ၁၅ မိနစ်အတွင်း ချေပဂိုးတွေပြန်ပေးရကာ တစ်ဖက်သုံးဂိုးစီသရေရလဒ်ထွက်ပေါ်လာမှုက နောက်ထပ်ရှုံးပွဲတစ်ခုကြုံတွေ့ရသလိုမျိုး ခံစားရစေတယ်လို့ ပက်ဂွါဒီယိုလာက ထုတ်ပြောလာခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းက မန်စီးတီးအသင်းရဲ့ ၅ ပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အရေးကြီးပွဲစဉ်မတိုင်ခင် အသင်းရဲ့ယုံကြည်မှုပိုင်းကိုတော့ ထိခိုက်သွားစေခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးက ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သာမန်ပွဲကစားချိန်အတွင်း သုံးဂိုးပြတ်အထိ ဦးဆောင်နိုင်ပြီးမှ နိုင်ပွဲမရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အလားတူ ပွဲချိန်နှောင်းပိုင်း ၁၅ မိနစ်အတွင်း အခုလိုအလှည့်အပြောင်းနဲ့ ရလဒ်ထွက်ပေါ်လာမှုကို ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ်မြင်တွေ့ရခြင်း ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးက ဟာလန်း(၂ ဂိုး)၊ ဂမ်ဒိုဂန်တို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဖီယင်နုအတွက် မူဆာ၊ ဂျီမင်နက်ဇ်၊ ဟန်ကိုတို့ရဲ့ချေပဂိုးတွေကို ခွင့်ပြုပေးခဲ့ရကာ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက “ကျွန်တော်တို့အသင်းမှာ တည်ငြိမ်မှုမရှိလို့ ဂိုးတွေအများကြီး ပြန်ပေးလိုက်ရပါတယ်။ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို ချေပဂိုးတွေ ပြန်ပေးလိုက်တဲ့အတွက်ကြောင့်ပဲ ပွဲက ခက်ခဲခဲ့တာပါ။

Manchester City vs Feyenoord

နောက်ပိုင်းမှာ ကျွန်တော်တို့တွေ ရှုံးပွဲဆက်နေပါပြီ။ ကျွန်တော်တို့အသင်းကစားပုံ ပျော့လွန်းပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့အတွက် နိုင်ပွဲတစ်ခု မဖြစ်မနေလိုအပ်နေပါပြီ။
သုံးဂိုးပြတ်အနိုင်ရရှိနေချိန်မှာ ယုံကြည်မှုတွေ အားကောင်းလာခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ တစ်ခုခုသာဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့တွေ ပြဿနာတက်ပါပြီ”လို့ ပြောပါတယ်။
မန်စီးတီးအသင်းက အခုရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ငါးပွဲမှာ နှစ်ပွဲသာ အနိုင်ရရှိပြီး ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့လို အသင်းကောင်းတွေကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေသေးပါတယ်။ ပြိုင်ပွဲဝင်ကလပ်အသင်း ၃၆ ခုပါ ချန်ပီယံလိဂ်အမှတ်ပေးဇယားရပ်တည်မှုအရ မန်စီးတီးက အဆင့်-၂၀ နေရာရှိ ဖီယင်နုထက် တစ်မှတ်အသာ၊ ရမှတ် ၈ မှတ်ဖြင့် အဆင့်-၁၅ နေရာမှာ ရှိနေပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးက မန်စီးတီးကို ၈ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ အစောပိုင်းမှာ ပက်ဂွါဒီယိုလာက လီဗာပူးနဲ့ ၁၁ မှတ်အထိ ကွာဟသွားမယ်ဆိုရင် ပြန်လိုက်မီဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ ထုတ်ပြောခဲ့ဖူးပါတယ်။
အခုအခြေအနေတွေအပေါ် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “တစ်ရက်၊ နှစ်ရက်လောက် အနားယူပြီး စိတ်အေးအေးထားကာ နောက်ပွဲစဉ်အတွက်ပဲ စဉ်စားသွားပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular