၎င်း၏ မန်စီးတီးအသင်းအနာဂတ်သည် ၎င်း၏ လက်ထဲတွင်သာရှိကြောင်း မန်စီးတီးအသင်းတွင် ဆက်နေရေးအတွက် ကိုယ်တိုင်သက်သေပြရန်လိုအပ်ကြောင်း မန်စီးတီးမန်နေဂျာဂွာဒီယိုလာက အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖိလစ်သည်ပြီးခဲ့သည့်နွေရာသီတွင်ပေါင် ၄၂ သန်းဖြင့်မန်စီးတီးအသင်းသို့ရောက်ရှိလာသော်လည်း လိဂ်ပွဲ ၈ ပွဲသာ လူစားလဲကစားသမားအဖြစ်ပါဝင်ကစားခွင့်ရထားသည်။ ဖိလစ်သည် ၎င်း၏အသင်းဟောင်း လိဒ်နှင့် ကစားသည့်ပွဲတွင် မန်စီးတီးဘက်မှ ပါဝင်ကစားခွင့်ရရန်ကြိုးစားနေသည်။
ဖိလစ်သည် မန်စီးတီးသို့ပြောင်းရွှေ့ပြီးမကြာမီ ပြီးခဲ့သည့်စက်တင်ဘာတွင် ပုခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသသည်။ နိုဝင်ဘာတွင်ပြန်ကစားနိုင်သော်လည်း ပွဲထွက်ကစားသမားနေရာကို ရိုဒရီက ရယူထားသည်။ ယခုအခါတွင် စတုံးကလည်း ကွင်းလယ်ခံစစ်နေရာသို့ တက်ကစားနေခြင်းကြောင့် ဖိလစ်၏ ပွဲကစားခွင့်သည် ပို၍ အကန့်အသတ်ဖြစ်လာဖွယ်ရှိနေသည်။
ဖိလစ်သည် မန်စီးတီးကိုစွန့်ခွာမည်ဟု သတင်းထွက်နေသော်လည်း ဂွာဒီယိုလာက မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ရခြင်းမရှိသေးကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။ “အဆုံးသတ်မှာကျတော့ ကစားသမားကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော့်အမြင်နဲ့ ခံစားချက်ကိုတော့ ရိုးရိုးသားသားပဲ ထုတ်ပြောရမှာပါ။ ကျွန်တော်က ဘာပဲပြောသည်ဖြစ်ပါစေ သူကိုယ်တိုင်နဲ့အသင်းလိုက်စုစည်းကစားတဲ့ ခြေစွမ်းအပေါ်မှာပဲ မူတည်သွားမှာ ဖြစ်ပါတယ်။ ဖိလစ်မှ မဟုတ်ပါဘူး။ အသင်းသားအားလုံးက ကျွန်တော့်ယုံကြည်ချက်ကို ရရှိအောင် ခြေစွမ်းပြနိုင်ရမှာ ဖြစ်ပါတယ်။ ဘောလုံးတစ်ရာသီအတွင်းမှာ အများကြီး ပြောင်းလဲနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းအတွက် အရေးပါတဲ့ကစားသမားလည်း ဒီနှစ်ရာသီမှာ အရေးပါမှုလျော့ကျသွားနိုင်ပါတယ်”ဟု ဂွာဒီယိုလာက ပြောဆိုလိုက်သည်။
မန်စီးတီးသည် ယခုတစ်ပတ်ကစားမည့်လိဒ်နှင့်ပွဲကို အနိုင်ရရှိပါက အာဆင်နယ်ထက် လေးမှတ်သာသွားမည်ဖြစ်သည်။ “ဖိလစ်က ပွဲကစားချိန်နည်းနေတော့လည်း ဟန်ချက်မမိဘူး ဖြစ်နေတာပေါ့။ စတုံးက မန်စီးတီးမှာ ၇ နှစ် ရိုဒရီက ၄ နှစ်ရှိပါပြီ။ သူတို့ကို ဘာလိုချင်လည်းဆိုတာ အများကြီး ပြောစရာမလို တော့ပါဘူး။ ရွေ့လျားကစားပုံနည်းနည်းပြောရင်ရပါတယ်။ ရိုဒရီကလည်း ခြေစွမ်းအရမ်းကောင်းနေတယ်။ အရင်နှစ်တွေက ဆိုရင်တော့ ဖိလစ်က အခုထက်ပိုပြီး ပွဲကစားခွင့်ရနိုင်ပါတယ်။ ကွင်းလယ်အထိုင်နေရာမှာ ကစားတာက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်လည်း ဖိလစ်က ပွဲကစားခွင့်အများကြီးမရတာ ဖြစ်နိုင်ပါတယ်”ဟု ဂွာဒီယိုလာက ပြောဆိုလိုက်သည်။