ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၃ရာသီဆက် တရားဝင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီး အသင်းကို အီတီဟတ်မှာ ပထမပိုင်းမှာ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ယူလီယန် အဲလ်ဗားရက်ဇ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ”
ဒီပွဲမှာ ရလဒ်အရ ချဲလ်ဆီးတို့ အရှက်မကွဲခဲ့ဘူးဆိုပေမယ့် ၊ အရန်အသင်းနဲ့ ပွဲထုတ်လာတဲ့ စီးတီးကို ဘာမှ ထူးထူးခြားခြား အနှောင့်အယှက် မပေးနိုင်ခဲ့တာက စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ သို့ပေမယ့် ၂သင်းလုံး အတွက် ပရီးမီးယားလိဂ် ရာသီက ပြီးဆုံးနေပြီ ဖြစ်တာကြောင့် ဘယ်သူကမှ အနာတရဖြစ်အောင်အထိ ပြင်းပြင်းထန်ထန် မကစားခဲ့ကြပါဘူး။
အထူးသဖြင့် ချဲလ်ဆီး ကစားသမားတွေဟာ ဒီရာသီ မြန်မြန် ပြီးဆုံးနိုင်ဖို့သာ အလိုရှိနေကြကာ ၊ လာမယ့် ဘောလုံးရာသီ မတိုင်မီ နည်းပြသစ် ဖြစ်လာမယ် မော်ရစ်စီယို ပိုချက်တီနို လက်အောက် လေ့ကျင့်ရဖို့ ၊ ကစားရဖို့ အတွက်ပဲ မျှော်လင့်စောင့်စားနေကြပါတယ် ။
ပွဲအပြီး Premier League Production ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ လီဗာပူးနဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ချဲလ်ဆီးဟာ လာမယ့် ဘောလုံးရာသီမှာ Top 4 ပြန်ဝင်နိုင်ပေမယ့် ၊ ကစားသမား တဒါဇင်လောက် ရှင်းဖို့ကို အရင်ဆုံး လုပ်ဆောင်ရလိမ့်မယ်လို့ အကြံပြုခဲ့ပါတယ် ။
အိုဝင် က ” သူတို့ လာမယ့်ရာသီ Top 4 ဝင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အရေးကြီးဆုံး အရာက သူတို့ အနေနဲ့ ကစားသမားတွေကို ရှင်းထုတ်ပစ်ဖို့ ဖြစ်ပါတယ် ။ ခင်ဗျားဟာ ဒီလောက် အရည်အသွေးမျိုး ရှိနေတဲ့ ကစားသမား အင်အားမျိုး ပိုင်ဆိုင်ထားပြီး ၊ ဟန်ချက်ညီအောင် လုပ်ပေးနိုင်ဖို့က ဘယ်တော့မှ မဖြစ်နိုင်ပါဘူး ။ ”
” ခင်ဗျားဟာ ဒီကစားသမား အယောက် ၃၀ကျော်ကို ပျော်အောင် ထားဖို့ ကြိုးစားရတာက အားအင်တွေ ကုန်ခမ်းလွန်းပါတယ် ။ သူတို့ အတွက် လောလောဆယ် အဓိက အရာက ကစားသမား တဒါဇင်လောက် အရင်ဆုံး ရှင်းပြီး ၊ အသင်းအဖွဲ့ အသေးလေးနဲ့ပဲ အာရုံစိုက်ဖို့ ဖြစ်ပါတယ် ။ ”
” နောက်ရာသီတော့ သူတို့ ပြန်အဆင်ပြေလာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အခုလို ထိုင်ပြီး ပြောနေရတာက တကယ် အလုပ်လုပ်ရတာထက်တော့ ပိုလွယ်ပါတယ် ။ လက်ရှိ ချဲလ်ဆီး ကစားသမားစာရင်းထဲက တချို့ဟာ အသက်အရွယ်ကြောင့်သော်လည်းကောင်း ၊ အရည်အသွေး မကောင်းတော့လို့သော်လည်းကောင်း ၊ စာချုပ်ကုန်ဆုံးခါနီး ဖြစ်တာကြောင့် သော်လည်းကောင်း လာမယ့်နွေရာသီမှာ သူ့အလိုလို ထွက်သွားကြပါလိမ့်မယ် ။ ” လို့ ပြောကြခဲ့ပါတယ် ။
တဖက်မှာ မန်စီးတီးနဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ အိုဝင် ဟားဂရေ့ဗ်စ်က ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ၁၀စုနှစ် ၃ခုနောက်ပိုင်း Bottom Half ကို ပထမဆုံး အကြိမ် ရောက်နေရတာက တော့ဒ်ဘိုလီရဲ့ အမှားတွေသာ ဖြစ်ကြောင်း အပြစ်တင် ဝေဖန်သွားပါတယ် ။
ဟားဂရေ့ဗ်စ် က ” ခင်ဗျားဟာ ပိုင်ရှင်သစ်တွေ ရလာပါတယ် ။ တော့ဒ်ဘိုလီဟာ ချဲလ်ဆီးကို ရောက်လာတာနဲ့ ပီတာချက် ၊ မာရီနာ ဂရာနော့ဗ်စကိုင်ယာတို့လို အသင်းမှာ ဘောလုံးအကြောင်း ကြေကြေညက်ညက် သိထားသူ အားလုံးကို ရာထူးကနေ ထုတ်ပစ်ခဲ့ပါတယ် ။ ”
” ဘာလို့ ဘောလုံးအကြောင်း သိတဲ့သူတွေကို ရာထူးက ထုတ်ပစ်ခဲ့တာလဲ ? အခုတော့ အသင်းမှာ ဘောလုံးအကြောင်း သိတဲ့သူ တယောက်မှ မရှိတော့တာနဲ့ တူနေပါတယ် ။ သူတို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေက တကယ် ဗရာပွ ဖြစ်နေခဲ့ပါတယ် ။ ပေါင်သန်း ၆၀၀ကျော် သုံးပြီး ၊ အမှတ်ပေးဇယားအောက်တဝက်မှာ ရပ်တည်နေတာက တကယ် ရူးလောက်စရာကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။