မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် အိမ်ရှင်မန်စီးတီးအသင်းကိုအနိုင်ရရှိခဲ့သော်လည်း ယခုရာသီ အမှတ်ပေးချန်ပီယံဆုကို မျှော်လင့်ရန် မဖြစ်နိုင် တော့ကြောင်း ပြောကြားသွားခဲ့သည်။
”မန်စီးတီးက ကျွန်တော်တို့ အမီလိုက်နိုင်မလားလို့ တွေးဖို့အတွက် အရမ်းဝေးကွာလွန်းတဲ့နေရာကို ရောက်နေပါတယ်။ ကျွန်တော်တို့က မနှစ်က လက်စတာအသင်းကို (၁၅)မှတ်အကွာကနေ ပြန်ကျော်တက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ဖူးပေမယ့် မန်စီးတီးက ခြားနားတဲ့ အနေအထားရှိတဲ့အသင်းတစ်သင်းပါ”ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယင်းပွဲစဉ်တွင် မန်စီးတီးအသင်း၏ တိုက်စစ်ဆင်မှုများကို အကောင်းဆုံးပုံစံဖြင့် ကာကွယ်နိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၏ ပယ်နယ်တီ၊ လုခ်ရှော၏ သွင်းဂိုးတို့ဖြင့် အဝေးကွင်းတွင်အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းပွဲရလဒ်ကြောင့် မန်ယူအသင်းသည် မန်စီးတီးအသင်းနှင့် အမှတ်ကွာဟမှုကို (၁၁)မှတ်အထိ လျှော့ချနိုင်ခဲ့ပြီး ပြန်လည်အမီလိုက်ရန် မျှော်လင့်ချက်လည်း ရှိလာခဲ့သည်။
”ကျွန်တော်တို့က အခုကစားခဲ့တဲ့ တစ်ပွဲကိုပဲ အနိုင်ရခဲ့တာပါ။ ဒီကွာဟမှုက ပြန်လိုက်ဖို့ မလွယ်တော့ပါဘူး”ဟု ဆိုခဲ့ပြီး ယင်းပွဲတွင် ကစားခဲ့သည့် အသင်းသားများ၏ ခြေစွမ်းနှင့် ပတ်သက်၍လည်း ဆိုးလ်ရှားက ”ဒီနေ့ပွဲမှာတောင် သူတို့အသင်းဟာ ကျွန်တော်တို့ကို ဘယ်လောက်အထိ ဖိအားပေးခဲ့သလဲဆိုတာ အားလုံးတွေ့ပါ တယ်။ ကျွန်တော်တို့အသင်းဟာ အရမ်းတောင့်တင်းပြီး ကောင်းမွန်တဲ့အသင်းတစ်သင်းနဲ့ ကစားခဲ့ရတာပါ။ ဒီလို ပွဲမျိုးမှာ (၂)ဂိုးသွင်းနိုင်ခဲ့ပြီး၊ ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းကျေနပ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် မန်စီးတီးအသင်းကို ပြိုင်ပွဲစုံတွင် အဝေးကွင်း (၃)ပွဲဆက်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းအတွက်လည်း မန်ချက်စတာဒါဘီပွဲစဉ်များတွင် အိမ်ကွင်းရလဒ် ဆိုးရွားနေမှုကို ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။
မန်စီးတီးအသင်းသည် ယခုပွဲကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြိုင်ပွဲစုံ (၂၁)ပွဲဆက် နိုင်ပွဲရစံချိန်လည်း ရပ်တန့်သွားခဲ့သည်။