မန်စီးတီးအသင်း၏ တိုက်စစ်မှူးသစ် ဟော်လန်းက မန်စီးတီးကစားသမားအဖြစ် မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ရင်ဆိုင်ရန် မစောင့်နိုင်တော့ဟု ပြောကြားခဲ့သည်။
ဟော်လန်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပရိသတ်များနှင့် မိတ်ဆက်ပွဲပြုလုပ်ခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သည့် ဒန်နီဂျက်ဆင်က ရင်ဆိုင်ရန် အလိုလားဆုံးပြိုင်ဘက်မှာ မည်သည့်အသင်းဖြစ်သနည်းဟု မေးမြန်းခဲ့ရာ ဟော်လန်းက ” ပြောရရင် ဒီစကားလုံးကို ပြောရတာ ကျွန်တော် သဘောမကျပါဘူး။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းပါပဲ”ဟု ဖြေဆိုခဲ့ရာ မန်စီးတီးပရိသတ်များက သြဘာပေးခဲ့ကြပြီး ”စီးတီး၊ စီးတီး၊ စီးတီး”ဟူ၍ အော်ဟစ်ခဲ့ကြကြောင်းလည်း သိရသည်။
မန်စီးတီးကစားသမားဖြစ်လာခဲ့ခြင်းအပေါ် မေးမြန်းမှုကိုမူ ”ပြီးခဲ့တဲ့နှစ်က ဒီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး TV ထဲမှာနဲ့ လုံးဝခြားနားပါတယ်။ ကျွန်တော် (၂၅)မိနစ်လောက် ဘောလုံးနဲ့ မထိခဲ့ရပါဘူး။ ကျေးဇူးပြုပြီး Tiki-Taka ကစားတာ ရပ်လိုက်ပါတော့ ဂွန်ဒိုဂန်လို့ ပြောရမလိုပါပဲ။ သူတို့က ခြားနားတဲ့ အဆင့်အတန်းတစ်ခုနဲ့ ကစားခဲ့တာဖြစ်ပြီး ဒါဟာ ကျွန်တော် ဘာကြောင့် ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်သလဲ ဆိုတာလည်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဟော်လန်းက ချန်ပီယံလိဂ်မှာ မိမိ အနှစ်သက်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ယင်းအောင်ပွဲအတွက် ကြိုးစားရမည်ကိုလည်း စိတ်လှုပ်ရှားသည်ဟု ဆိုခဲ့သည်။