ဂရေမီဆောင်းနက်က မန်ချက်စတာစီးတီး အသင်း အနေနဲ့ လက်ကျန် ဘောလုံးရာသီမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ကစား နိုင်မယ့် တိုက်စစ်မှုး ဆာဂျီယိုအဂွေးရိုးကို ပြန်မရ ခဲ့ဘူး ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ ရုန်းကန် ရလိမ့်မယ်လို့ ဆိုလိုက် ပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ တနင်္ဂနွေနေ့က အီတီဟတ်မှာ ခရစ်စတယ်ပဲလေ့စ်ကို ၄-၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လာကာ လက်ရှိမှာ ပုံစံကောင်းကို ရနေပါတယ်။
ဂါဘရီရယ်ဂျီဆုဟာ အဆိုပါ ပွဲစဉ်မှာ မန်စီးတီးရဲ့ တိုက်စစ်ကို ဦးဆောင် ကစား သွားခဲ့ကာ လုပ်အား ကောင်းမွန်ခဲ့ပေမယ့်လည်း ပြိုင်ဘက် ဂိုးပေါက်ကို ထိထိရောက်ရောက် မခြိမ်းခြောက် နိုင်ခဲ့ဘဲ ဂျွန်စတုန်း ၊ စတာလား နဲ့ ဂွန်ဒိုဂန် တို့ကသာ ဂိုးပေါက် ရှာတွေ့ ခဲ့ပါတယ်။ စီးတီးဟာ ပြိုင်ပွဲစုံ ၂၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ အပြင် ခံစစ်ပိုင်း ကလည်း အထူး မာကျော နေပြီး သူတို့ရဲ့ ပုံစံကောင်းကို ပြန်ရနေပါတယ်။
ဒါပေမယ့်လည်း ဆောင်းနက်က မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်ဖို့ အတွက် ဆိုရင် တိုက်စစ်မှုး အဂွေးရိုးကို ပြန်ရမှ ဖြစ်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။ အာဂျင်တီးနား တိုက်စစ်မှုးဟာ ဒူးကောက်ကြော ဒဏ်ရာ ၊ ဒူးဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရတဲ့ အပြင် ဒီကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ်လည်း ကူးစက်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက် ကစားထားခဲ့ပြီး စုစုပေါင်း ၅ ပွဲ ဝင်ကစားခဲ့ကာ သွင်းဂိုး တစ်ဂိုးမှ မရသေးပါဘူး။
ဂွာဒီယိုလာ ကတော့ သူ့ရဲ့ အဓိက တိုက်စစ်မှုး အဂွေးရိုးကို ဒီလမှာ ပြန်ရလိမ့်မယ်လို့ မျှော်လင့် နေပြီး ဆောင်းနက်ကတော့ မန်စီးတီးတို့ ပရီးမီးယားလိဂ် ဖလား ပြန်လည် ဆွတ်ခူး နိုင်ဖို့ အတွက် လက်ကျန် ရာသီမှာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အဂွေးရိုးကို လိုအပ်တယ်လို့ ယုံကြည် ထားပါတယ်။
ဆောင်းနက်က “သူတို့ ယခုလို ရလဒ်ကောင်းတွေ ဆက်တိုက် မရမီ ကတည်းက အဂွေးရိုးကို ဒီရာသီ ကာလအများစု လက်လွှတ်ထားရမယ် ဆိုရင် သူတို့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ သူတို့ဟာ ဂျီဆု ရှိနေပြီး သူ့ရဲ့ လုပ်အားဟာ တကယ့်ကို ကောင်းလှပါတယ်။ သူဟာ တအား ကြိုးစား ကစားသူ ဖြစ်ပေမယ့်လည်း သူ ပြေးလွှား ဆော့ကစား နေတဲ့ နေရာတွေဟာ အထောာင် တိုက်စစ်မှုး တစ်ဦး အနေနဲ့ ဂိုးသွင်း နိုင်မှာ မဟုတ်တဲ့ နေရာတွေ ဖြစ်ပါတယ်။
အသင်းမှာ အဂွေးရိုး ရှိနေတဲ့ အခါ သူဟာ ပင်နယ်တီ ဧရိယာထဲမှာ တကယ့်ကို လိမ္မာပါးနပ်စွာ ကစားတက် ပါတယ်။ ဒါ့ကြောင့် အဂွေးရိုး အသင်းမှာ ရှိနေတဲ့ အခါ သူဟာ ဂိုးတွေ အများကြီး သွင်းယူ နိုင်တာပါ။ အကယ်၍ စီးတီးတို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် ဆိုရင် သူတို့ ကြံ့ခိုင်မှု ပြည့်ဝစွာ ကစားနိုင်တဲ့ အဂွေးရိုးကို ပြန်ရမှ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆ နေဆဲ ဖြစ်ပါတယ်။ သူဟာ ပင်နယ်တီ ဧရိယာ ထဲမှာ ပါးနပ်စွာ ကစားတက်တဲ့သူ ဖြစ်ပြီး စီးတီးရဲ့ မျက်လုံးပါပဲ။ သူဟာ သမိုင်းတစ်လျှောက် စီးတီးရဲ့ အကောင်းဆုံး တိုက်စစ်မှုးလည်း ဖြစ်ပါတယ်။” လို့ ပြောသွား ပါတယ်။
မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ ဒုတိယ နေရာမှာ မန်ယူနိုက်တက်အောက် နှစ်မှတ် အကွာမှာ ရှိနေ ပေမယ့်လည်း လက်ကျန် ပွဲစဉ် တစ်ပွဲ ရှိထားတာကြောင့် အဆိုပါ ပွဲကို အနိုင်ရရင် ဇယားထိပ်ကို ရောက်လာမှာ ဖြစ်ပါတယ်။ စီးတီးဟာ ဒီရာသီ အဂွေးရိုးရဲ့ သွင်းဂိုး တွေကို miss ဖြစ်နေ ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း ကတော့ အတော့်ကို မာကျော ကျစ်လစ်လျက် ရှိနေပြီး ဒီရာသီ လိဂ်ပွဲစဉ် ၁၇ ပွဲမှာ ၁၃ ဂိုးသာ ပေးထား ခဲ့ရပါတယ်။