လီဗာပူး နောက်ခံလူဟောင်း ဒီဂျန်လော့ဗရန်က အသင်းဟာ သူ့ကို လွမ်းနေရတယ် ဆိုပြီး ယာဂန်ကလော့က ပြောခဲ့ကြောင်း ထုတ်ဖော်လိုက်ပေမယ့် အန်ဖီးကနေ ထွက်ခွာ ခဲ့ခြင်းကို သူ့ဘက်က နောင်တ ရမိခြင်း မရှိဘူးလို့ ဆိုသွားပါတယ်။ ခရိုအေးရှား လက်ရွေးစင်ဟာ ကလပ်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ဇင်းနစ်ကို ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။
လော့ဗရန်ဟာ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၁၈၅ ပွဲ ကစားခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ် ဆွတ်ခူး နိုင်အောင် ကူညီပေး ခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ် နောက်ခံလူဟာ ဒီရာသီ ဇင်းနစ်ရဲ့ ခံစစ်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်လျက် ရှိနေပြီး လီဗာပူး အသင်း ကတော့ ဗဟို ခံစစ်မှာ ပြသနာတွေ များစွာ ရင်ဆိုင် နေရပါတယ်။
ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာတွေကြောင့် ရာသီကုန်ခါနီးမှသာ ပြန်လည် ကစား ပေးနိုင်ဖို့ ရှိတဲ့ အပြင် မာတစ် ကလည်း ကြံ့ခိုင်မှု ပြသနာတွေနဲ့ တောက်လျှောက် ရုန်းကန် နေရကာ ကလော့ အနေနဲ့ မန်ချက်စတာယူနိုက်တက် ၊ ဆောက်သမ်တန် တို့နဲ့ ပွဲတွေမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ကို ဗဟို ခံစစ်မှာ တွဲဖက် ကစား စေခဲ့ရပါတယ်။
လော့ဗရန်က မာဆေးဆိုက် ကလပ်ဟာ သူ့ကို ပိုမို လွမ်းဆွတ် နေရတယ်လို့ ပြောလိုက်ပြီး သူ့အနေနဲ့ ကတော့ ရုရှားကို ပြောင်းရွေ့ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ပျော်ရွှင် မိတယ်လို့ ဆိုသွား ပါတယ်။
လော့ဗရန်က “No ပါ။ လီဗာပူး ကနေ ထွက်ခွာ ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် နောင်တ မရမိပါဘူး။ ပြီးခဲ့တဲ့ နွေရာသီက ကျွန်တော်ဟာ လီဗာပူး ကနေ ထွက်ခွာတော့မယ် ဆိုပြီး ဆုံးဖြတ်ချက် အခိုင်အမာ ချထား ခဲ့တာပါ။ ကျွန်တော် နောက်ပြန်ကြည့် နေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် ကစားခွင့် မရခဲ့တုန်းက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ အရာအားလုံးဟာ ခြားနား သွားပါပြီ။
ကျွန်တော် ကတော့ လီဗာပူးဟာ ကျွန်တော် သူတို့ကို လွမ်းနေရတာထက် သူတို့ ဘက်က ကျွန်တော့်ကို ပိုလွမ်း နေရလိမ့်မယ်လို့ ထင်ပါတယ်။ ယာဂန်ကလော့ဟာ ဒါကို သိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ စကား ပြောခဲ့ လို့ပါ။ မကြာသေးမီက သူ ကျွန်တော့်ကို ‘ငါတို့ မင်းကို လွမ်းနေရတယ်’ ဆိုတဲ့ မက်ဆေ့ချ် ပို့ခဲ့တာပါ။” လို့ ပြောလိုက်ပါတယ်။
လော့ဗရန်က သူဟာ ကလော့ဆီက work ethic တွေကို များစွာ လေ့လာ သင်ယူ နိုင်ခဲ့တယ်လို့ ဆိုလိုက်ပြီး ဒီစိတ်ဓာတ်ကို ဇင်းနစ် အသင်းထံ ကူးစက်စေဖို့ ကြိုးစား ခဲ့တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။
လော့ဗရန်က “ကျွန်တော် ဒါကို work ethic လို့ ပြောချင်ပါတယ်။ ကလော့ဟာ ကစားသမား တွေကို အလုပ် အပြင်းအထန် ကြိုးစားဖို့ challenge လုပ်ပါတယ်။ ဒါ့ကြောင့်လည်း ဒါကို ကျွန်တော် အားလုံးကို ပြသ ချင်ခဲ့တာပါ။ ကိုယ့်ရဲ့ အသင်းဟာ အာဆင်နယ်တူလာ နဲ့ပဲ ဖြစ်ဖြစ် လာဇီယို ၊ ဒေ့ါမွန် တို့နဲ့ပဲ ဖြစ်ဖြစ် ဘယ်အသင်းနဲ့ ကစားရသည် ဖြစ်စေ တူညီတဲ့ mood ရှိနေသင့် ပါတယ်။
ဒါဟာ ကျွန်တော် လီဗာပူး ကနေ သင်ယူ လေ့လာ ခဲ့တာပါ။ ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့နဲ့ တွေ့မှ အကောင်းဆုံး ပေးဆပ်ဖို့ လိုအပ်တာ မဟုတ်ပါဘူး။ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို တောက်လျှောက် ပြသဖို့ လိုအပ်တဲ့ အပြင် ကိုယ့်ရဲ့ အမြင့်ဆုံး ကစားဟန်ကို တောက်လျှောက် ထိန်းသိမ်းဖို့လည်း ကြိုးစား ရမှာပါ။
ကျွန်တော့် အတွက် ကတော့ ဇင်းနစ် တို့ စပါးတပ်နဲ့ပဲ တွေ့တွေ့ Ufa နဲ့ပဲ တွေ့တွေ့ ပြသနာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ ကွင်းထဲမှာ ၁၀၀% ပေးဆပ်ဖို့ ကြိုးစား ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလို ပွဲချည်းကပ်မှုကို လူငယ် ကစားသမားတွေဆီ လက်ဆင့်ကမ်းချင် ပါတယ်။” လို့ ပြောလိုက်ပါတယ်။