လီဗာပူးလ်ဂန္ထဝင်ကစားသမား ကာရေဂါသည် လီဗာပူးလ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဆာလာအနေဖြင့် မကြာမီ အသင်းမှ ထွက်ခွာနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်းသိရသည်။
အသက် (၃၁) နှစ်အရွယ်ရှိ အီဂျစ်အသင်းခေါင်းဆောင် ဆာလာသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ပစ်မှတ်ထားနေသည်။
ထို့ကြောင့် ကာရေဂါက ဆာလာအနေနဖြင့် လီဗာပူးလ်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည့်အထိ ဆက်နေဖွယ်မရှိဘဲ လာမည့်ဇန်နဝါရီ သို့မဟုတ် ၂၀၂၄ နွေရာသီတွင် အသင်းမှထွက်ခွာနိုင်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
“ဆာလာအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနိုင်ပါ့မလားဆိုရင် မသေချာတဲ့ကိစ္စတစ်ခုလို့ ဆိုရမှာပါ။ ဒီတစ်ရာသီတော့ သူ့ကို လီဗာပူးလ်အသင်းမှာ မြင်ရမှာဖြစ်ပေမဲ့ လာမယ့်နွေရာသီ အသင်းကထွက်ခွာလိမ့်မယ်လို့ ထင်မိပါတယ်}}ဟု ကာရေဂါက ဆိုခဲ့သည်။
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ဆာလာအား ယခုနွေတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၂၁၅) သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့သဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်းမရှိပေ။
သို့သော် အယ်လ်အစ်တီဟတ်အသင်းအနေဖြင့် အာရပ်ကမ္ဘာတွင် အကျော်ကြားဆုံးဖြစ်သည့် ဆာလာအား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့ဖွယ်မရှိဘဲ လာမည့်ဇန်နဝါရီတွင် ထပ်မံကြိုးစားဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။