ဘွန်ဒစ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဖလားအတွက် ရေပန်းစားသည့်အသင်းများတွင် တစ်သင်းအပါအဝင်ဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ်က သုံးသပ်ခဲ့သည်။ တန်ဟက်ဂ်၏မန်ယူအသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့် ငါးပွဲတွင် သုံးပွဲ အရေးနိမ့်ပြီးနောက် ဖိအားများရှိနေကြောင်းလည်း ဝန်ခံခဲ့သည်။
“ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းလို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဲဒီပွဲမှာ ပုံစံကောင်းပြဖို့ လိုပါတယ်။ အသင်းရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ရှင်းပြပြီးသားပါ။ အသင်းတစ်သင်းအနေနဲ့ ၀ိသေသလက္ခဏာ၊ ယုံကြည်မှု၊ ဒဏ်ခံနိုင်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ လုံးဝရှိရမှာဖြစ်ပါတယ်”ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။
လက်ရှိ အနေသည် ဖိအားများကျရောက်နေပြီလားဟု မေးမြန်းမှုကို တန်ဟက်ဂ် က “ဒီမှာ ဖိအားဆိုတာ အမြဲရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်က ဘာမှ မကွဲပြားပါဘူး။ တကယ်တော့ ယူနိုက်တက်အသင်းမှာ ခင်ဗျားဟာ ပွဲတွေ အနိုင်ကစားဖို့ လိုပါတယ်။ ကျွန်တော်တို့ တိုးတက်အောင် လုပ်ရမယ်။ ကျွန်တော် စိတ်ချောက်ချားမနေပါဘူး။ တစ်ဦးချင်းအနေလည်း ရှေ့ကို ဆက်သွားရမယ်။ တစ်ခါတစ်ရံမှာတော့ ဆိုးရွားတဲ့အချိန်ကာလတွေ ရှိပါတယ်။ ဒါကို ရင်ဆိုင်နိုင်ရပါမယ်”ဟု တုံ့ပြန်ခဲ့သည်။
တန်ဟက်ဂ်သည် ဘရိုက်တန်အား အရေးနိမ့်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့်နည်းပြအတွက် အလေးပေးမှုတွင် ၁ဝး၁ လေးဖြင့် စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဲဗာတန်နည်းပြ ရှောင်ဒိုက်က ၆း၄ လေးဖြင့် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံး ဖြစ်နေပြီး ရှက်ဖီးယူနိုက်တက်နည်းပြ ပေါလ်ဟက်ကင်ဘော်တွန်က ၃း၁ လေးဖြင့် ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။
၎င်းတို့၏နောက်တွင် လူတန်နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်က ၆း၁ လေးဖြင့် တတိယနေရာ၌ ရှိနေခြင်းဖြစ်သည်။