PSG အသင်း၏ ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ပြင်သစ်တိုက်စစ်မှူး ဘာပေသည် အသင်းတွင် ဆက်ရှိရန်ရာနှုန်းပြည့်သေချာသည်ဟု ပြောကြားခဲ့သည်။
ပြင်သစ်လီဂူးပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကို (၃)ရာသီဆက်တိုက် ရယူနိုင်ခဲ့သည့် ဘာပေသည် PSG အသင်းနှင့် လမ်းခွဲရန် ဆန္ဒရှိနေကြောင်း ထင်ကြေးပေးခံနေ ရသူလည်းဖြစ်သည်။
အယ်လ်ခီလာဖီကမူ ”ကျွန်တော့်အတွက်တော့ ဘာပေဟာ PSG ကစားသမားဖြစ်နေသလို၊ PSG ကစားသမားအဖြစ် ဆက်ရှိနေမယ့်သူပါ။ သူက ပါရီမြို့သား ပြင်သစ်ကစားသမားပါ။ ကျွန်တော်တို့ ဘာပိတ်ဆို့မှုမှ ပြုလုပ်မထားပေမဲ့ သူက အသင်းနဲ့ စာချုပ်သက်တမ်းရှိနေသေးတာကြောင့် PSG အသင်းမှာ ဆက်ရှိနေမှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒီအတွက် စိုးရိမ်စရာမရှိပါဘူး”ဟု ပြောကြားခဲ့သည်။
ဘာပေနှင့် PSG အသင်းချုပ်ဆိုထားသည့် စာချုပ်မှာ လာမည့်ရာသီတွင် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိမည်ဖြစ်ပြီး ယခုချိန်အထိ စာချုပ်သစ်ဆွေးနွေးမှုမရှိသေးကြောင်း သိရသည်။
သို့သော် ယူရိုပြိုင်ပွဲအပြီးတွင် PSG အသင်းသည် ဘာပေအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးသွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ဘာပေသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲတွင် ၄၂ ဂိုးအထိ သွင်းယူထားပြီး (၄)ရာသီအတွင်း၌မူ ၁၇၁ ပွဲတွင် ၁၃၂ ဂိုး သွင်းယူခဲ့သည်။