ရီးရဲမက်ဒရစ်အသင်းအနေဖြင့် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသော ဘာစီလိုနာကို အမီလိုက်ပြီး လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်မျှော်လင့်ချက်များရှိနေကြောင်း ဂိုးသမားဖြစ်သူ ကော့တွိုက်စ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင် ဒုတိယနေရာမှ ရီးရဲမက်ဒရစ်သည် ပွဲ ၃၀ ကစား ၆၅ မှတ်ရရှိထားပြီး အဆင့် ၁ နေရာမှ ဘာဆာသည် ၂၉ ပွဲကစားကာ ၇၃ မှတ်ရရှိထားသည်။ ဘာဆာသည် ရာသီအကုန်တွင် ခြေပျက်ပြီး အမှတ်လျော့ကာ ရီးရဲမက်ဒရစ်အနေဖြင့် တောက်လျောက်နိုင်ပွဲများရရှိမှသာလျှင် ကော့တွိုက်စ်ပြောသလို ဖြစ်လာနိုင်မည်ဖြစ်ကြောင်းသတင်းများက ဖော်ပြသည်။ရီးရဲမက်ဒရစ်သည် စနေနေ့ညက ကစားသည့်ပွဲတွင် ဆဲလ်တာဗီဂိုကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။
ကော့တွိုက်စ်က “ကျွန်တော်တို့က နောက်ဆုံးပွဲအထိ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ သင်္ချာနည်းအရ ချန်ပီယံမဖြစ်နိုင်တော့ဘူးလို့ အဖြေမထွက်မချင်း စိတ်မလျှော့ပါဘူး။ အနိုင်ပွဲတွေ တောက်လျောက်ရယူချင်ပါတယ်။ ပြည်တွင်းခြေစွမ်းကောင်းနေရင် ချန်ပီယံလိဂ်မှာ ကစားရတာလည်း ပိုကောင်းတယ်။ နောက်ထပ် ၃ ပွဲလောက်က အရေးကြီးသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲကို တက်ချင်ပါတယ်။ ရာသီအကုန်မှာ ရီးရဲမက်ဒရစ်က ရလဒ်ကောင်းတွေရနေဖို့ မျှော်လင့်ပါတယ်”ဟု ပြောဆိုလိုက်သည်။