ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းက မက်ဆီအား လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိနေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၃)နှစ်အရွယ်ရှိ မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေသူဖြစ်သည်။
မက်ဆီသည် ပြီးခဲ့သည့်နွေရာသီက ဘာစီလိုနာအသင်းမှထွက်ခွာခွင့်တောင်းဆိုခဲ့ရာ ၎င်းအနေဖြင့် လာမည့်နွေရာသီတွင် အသင်းပြောင်းဖွယ်ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
သို့သော် ရော်နယ်လ်ကိုးမန်းက မိမိအနေဖြင့် မက်ဆီကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ထူးခြားတဲ့ ကစားသမားဖြစ်ပြီး သူ ထွက်ခွာသွားမယ်ဆိုရင် ဘာစီလိုနာအနေနဲ့ အသင်းအတွက် အကျိုးပြုမယ့် ကစားသမားတွေကို ရှာဖွေရပါလိမ့်မယ်။ မက်ဆီဟာ ဒီရာသီ လာလီဂါမှာ ဂိုး (၃၀)သွင်းယူထားပြီး သူ ရှိနေရင် အသင်းက ပိုကောင်းပါတယ်”ဟု ရော်နယ်လ်ကိုးမန်းက ပြောကြားခဲ့သည်။
မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် လာလီဂါ (၃၅)ပွဲတွင် ဂိုး(၃၀)နှင့် ပြိုင်ပွဲစုံ (၄၇)ပွဲတွင် (၃၈)ဂိုး သွင်းယူခဲ့သည်။