spot_img

ဘာစီလိုနာအသင်းကို ဘယ်တော့မှ ကိုင်တွယ်မည်မဟုတ်ဟု ပြောခဲ့ဖူးသည့်စကားအား ပိုချက်တီနို ပြန်လည်ရုပ်သိမ်း

စပါးအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အာဂျင်တီးနားနည်းပြ ပိုချက်တီနိုသည် ဘာစီလိုနာအသင်းကို ဘယ်တော့မှ ကိုင်တွယ်မည်မဟုတ်ဟု ပြောခဲ့ဖူးသည့်စကားအား ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဘာစီလိုနာနည်းပြဖြစ်လာနိုင်သည့် အခွင့်အရေးအတွက် တံခါးဖွင့်ပေးလိုက် ကြောင်း သိရသည်။

ပိုချက်တီနိုသည် ဘာစီလိုနာအသင်း၏ဒါဘီပြိုင်ဘက်ဖြစ်သော အက်စ်ပန်ညိုအသင်းတွင် ကစားသမားဘဝက (၁၀)ရာသီ ဖြတ်သန်းခဲ့ဖူးသလို၊ နည်းပြဘဝကိုလည်း ယင်းအသင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။

myan789

ထို့ကြောင့် ဘာစီလိုနာအသင်းက ၎င်းကို နည်းပြအဖြစ် ခန့်အပ်ရန် မျက်စိကျနေကြောင်း သတင်းများထွက်ပေါ်ခဲ့ချိန် ၂၀၁၈ ခုနှစ်က ဘယ်တော့မှ ကိုင်တွယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ပိုချက်တီနိုက ဘာစီလိုနာအသင်းကိုသာမက စပါးအသင်း၏ ခါးသီးသော ဒါဘီပြိုင်ဘက်ဖြစ်သည့် အာဆင်နယ်အသင်းကိုလည်း ကိုင်တွယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ယင်းအသင်းများကို ကိုင်တွယ်မည့်အစား အာဂျင်တီးနားသို့ပြန်ပြီး စိုက်ပျိုးမွေးမြူရေးအလုပ်သာ လုပ်ဆောင်တော့မည်ဟုလည်း ဆိုခဲ့ဖူးသည်။

သို့သော် ယခုအခါ ပိုချက်တီနိုက ယင်းကဲ့သို့ စကားမျိုးကို ထပ်ပြောတော့မည်မဟုတ်ကြောင်းနှင့် ယင်းကဲ့သို့ ပြောကြားဖြစ်ခဲ့ခြင်းကိုလည်း ဖြေရှင်းချက်ပေးခဲ့သည်။

ပိုချက်တီနိုက ”အဲဒီအကြောင်း ကျွန်တော် ကောင်းကောင်းရှင်းပြနိုင်ပါတယ်။ အဲဒီနှစ်က ဘာစီလိုနာမြို့က ဘားတစ်ခုမှာ ဘာတိုမူ(ဘာစီလိုနာအသင်းဥက္ကဋ္ဌ)နဲ့ ဆုံခဲ့ ပါတယ်။ ကျွန်တော်တို့ကလေးတွေက တစ်ကျောင်းတည်းမှာ အတူတက်နေခဲ့တာကြောင့် ကျွန်တော်တို့ နှုတ်ဆက်ပြီး (၅)မိနစ်လောက် စကားပြောဖြစ်ခဲ့ပါတယ်။ ဒီတော့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး သတင်းသမားတွေက မေးမြန်းကြပါတယ်။ ကျွန်တော်က ဒီအကြောင်းအရာကို မြန်မြန်ပြီးပြတ်သွားစေချင်တာကြောင့် အဲဒီလို ပြောဖြစ်ခဲ့တာပါ။ ဘာစီလိုနာအသင်းကို မလေးစားလို့မဟုတ်ပါဘူး။ အခုတော့ ကျွန်တော် အဲဒီလိုပြောမှာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်တာကြောင့်ပါပဲ”ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် နည်းပြသစ်အပြောင်းအလဲလုပ်ဖွယ်ရှိနေသည့် ဘာစီလိုနာအသင်းကို ပိုချက်တီနို တံခါးဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းကို ကိုင်တွယ်လိုသည့်သဘောဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular