မန်ယူအသင်းသည် အသင်း၏ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို လစာ (၂)ဆတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ ရောက်ရှိသည်မှာ တစ်နှစ်ပင်မပြည့်သေးသော်လည်း အသင်း၌အားထားရသည့် အဓိကကွင်းလယ်လူတစ်ဦးဖြစ်လာခြင်းကြောင့် မန်ယူအသင်းတာဝန်ရှိသူများသည် ၎င်းအားလစာတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
ယခုနှစ်ဇန်နဝါရီလက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၄၇)သန်းဖြင့်ရောက်ရှိလာသော ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲကစားထားရာတွင် (၂၂)ဂိုးသွင်းယူပြီး (၁၄) ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
မန်ယူအသင်းတွင် ၎င်းလက်ရှိရရှိနေသည့် လစာငွေမှာ ကွင်းလယ်လူ လင်ဂတ်၊ ဂိုးသမား ဒင်းန်ဟန်ဒါဆန်တို့နှင့် ပမာဏတူညီနေပြီး တစ်ပတ် ပေါင်(၁)သိန်းဝန်းကျင်သာရှိသည်။
သို့ဖြစ်ရာ မန်ယူအသင်းသည် တစ်ပတ်လစာငွေ ပေါင် (၂)သိန်းဖြင့် ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။
ဘရူနိုဖာနန်ဒက်စ်၏ လက်ရှိစာချုပ်သက်တမ်းမှာ (၄)နှစ်ခွဲဖြစ်ခြင်းကြောင့် ၎င်းအနေဖြင့် စာချုပ်သက်တမ်း(၃)နှစ် ခွဲခန့် ကျန်ရှိနေသေးပြီး မန်ယူအသင်းက လက်ရှိစာချုပ်ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။