ဘရာဇီးလ်ဂန္ထဝင် ပီလီကို ကျော်ဖြတ်ပြီး နိုင်ငံလက်ရွေးစင်အသင်း၏ သွင်းဂိုးအများဆုံးဖြစ်လာခြင်းသည် ပီလီ ထက်ကောင်းသည်ဟု အဓိပ္ပာယ်မသက်ရောက်ကြောင်း နေမာက မှတ်ချက်ပြုခဲ့သည်။
နေမာသည် ဘိုလစ်ဗီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဂန္ထဝင်ကစားသမား ပီလီ၏ ဘရာဇီးလ်အသင်းအတွက် ဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် ဖေဖော်ဝါရီကတည်းက ဘောလုံးမကစားနိုင်ဘဲ အနားယူနေရသည့် နေမာသည် ဘရာဇီးလ်အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအဖြစ် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့သည်။
၎င်းသည် ပထမပိုင်း (၁၇)မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရသော်လည်း အသုံးမချနိုင်ဘဲ ဘိုလစ်ဗီးယားဂိုးသမားက အမိဖမ်းနိုင်ခဲ့သည်။ သို့သော် ၆၁ မိနစ်နှင့် ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၃ မိနစ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး မှတ်တိုင်သစ် စိုက်ထူခဲ့သည်။
“ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီအတွက် ဖော်ပြလို့ရမယ့် စကားလုံး မရှိပါဘူး။ ဒီမှတ်တမ်းဟာ သူ့(ပီလီ)ထက် ဒါမှမဟုတ် တခြားဘယ်ကစားသမားထက်မဆို ပိုကောင်းတယ်လို့ အဓိပ္ပာယ်မသက်ရောက်ဘူးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ကျွန်တော့်သမိုင်းကို ရေးထိုးဖို့ အမြဲဆန္ဒရှိခဲ့ပြီး အခု ဒါကို စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု နေမာက ပြောကြားခဲ့သည်။
နေမာ (၃၁ နှစ်)သည် ဘရာဇီးလ်အသင်းအတွက် (၁၂၅)ပွဲ ကစားအပြီးတွင် (၇၉)ဂိုး သွင်းယူထားပြီး ပွဲအများဆုံးစာရင်းတွင်လည်း ကာဖူး(၁၄၂ ပွဲ)၊ အဲလ်ဗတ်စ်(၁၂၆ ပွဲ)တို့ ပြီးလျှင် ကားလို့စ်နှင့်အတူ တတိယပွဲ အများဆုံးဖြစ်နေသည်။