ဘာစီလိုနာအသင်း လူငယ်ကြယ်ပွင့် ကစားသမား အန်ဆူဖာတီသည် စနေနေ့က ဘက်တစ်အသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ ပြီး သုံးလမှ ငါးလအထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
LATEST NEWS ‼ Tests carried out this afternoon have shown that Ansu Fati has an internal meniscus tear in his left knee. The treatment to be followed will be determined in the coming days. pic.twitter.com/CF3FZaur5P
— FC Barcelona (@FCBarcelona) November 7, 2020
အသက် ၁၈ နှစ်သာရှိသေးသည့် စပိန်လက်ရွေးစင် တောင်ပံကစားသမား အန်ဆူဖာတီသည် ဝဲဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် မက်ဆီနှင့် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာကို စစ်ဆေးပြီးနောက် ဘာစီလိုနာအသင်းက “ယနေ့မွန်းလွဲပိုင်းတွင် စစ်ဆေးချက်အရ အန်ဆူဖာတီအနေဖြင့် ဝဲဘက်ဒူးရှိ Internal Meniscus (ဒူးဆစ်အတွင်း ညို့သကျည်းရိုးပေါ်ရှိ လခြမ်းပုံအရိုးနု) ထိခိုက်မိကြောင်း တွေ့ရှိရပါသည်။ ကုသမှုပြုလုပ်မည့်အစီအစဉ်ကို လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမည်ဖြစ်ပါသည်” ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။
ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် ဒဏ်ရာပြင်းထန်မှုအခြေအနေနှင့် အနားယူရနိုင်သည့်ကာလကို ဖော်ပြထားခြင်းမရှိသော်လည်း စပိန်နိုင်ငံရှိ Ripoll and De Prado Sport Clinic မှ ဆရာဝန်ဖြစ်သူ ဒေါက်တာရီပိုလ်ကမူ အန်ဆူဖာတီအနေဖြင့် သုံးလမှ ငါးလခန့် အနားယူရနိုင်ကြောင်း သုံးသပ်ပြောကြားသည်။ “အရိုးနုကိုချုပ်ရဖို့ ရှိပါတယ်။ အနားယူရနိုင်တဲ့ကာလက သုံးလကနေ ငါးလအကြား ဖြစ်နိုင်ပါတယ်” ဟု ၎င်းင်းက ပြောကြားခဲ့သည်။
အန်ဆူဖာတီသည် ယခုရာသီ လာလီဂါ ပြိုင်ပွဲတွင် လေးဂိုးသွင်းယူထားပြီး ဘာစီလိုနာအတွက် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း တစ်ဂိုးသွင်းယူထားရာ ၎င်း၏ဒဏ်ရာသတင်းမှာ ထိုးနှက်ချက်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ အန်ဆူဖာတီသည် ယင်းဒဏ်ရာကြောင့် စပိန်အသင်း လူစာရင်းမှလည်း နုတ်ထွက်ရမည်ဖြစ်သည်။