ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် မန်ယူအသင်း၏ ပစ်မှတ်ဖြစ်သည့် ဒတ်ချ်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအား ရောင်းချသွားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
“ဖရန်ကီက ရောင်းဖို့မဟုတ်ပါဘူး။ သူဟာ ဘာစီလိုနာ ကစားသမားတစ်ယောက်ပါ။ သူ အသင်းက ပြောင်းသွားမှာကိုလည်း ကျွန်တော်တို့ မလိုချင်ပါဘူး။ ဒီယွန်းအတွက် ကမ်းလှမ်းမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မရောင်းလိုပါဘူး” ဟု လာပေါ်တာက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အပတ်က ဖရန်ကီဒီယွန်း၏ မန်ယူအသင်းသို့ ပြောင်းရွှေ့မှုမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးထားပြီဟု Daily Mail သတင်းစာက ဖော်ပြခဲ့သော်လည်း ယခု လာပေါ်တာ၏ မှတ်ချက်စကားကြောင့် အပြောင်းအရွှေ့ဖြစ်လာရန် ခဲယဉ်းသွားခဲ့သည်။
မန်ယူအသင်းသည် နောက်ဆုံးကမ်းလှမ်းမှုတွင် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနှင့် စုစုပေါင်း ပေါင်သန်း ၇၀ အထိ ရှိနိုင်သည့် Add-ons ကြေးများလည်း ပါဝင်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ်သာရှိသေးသူ ဒီယွန်းသည် မန်ယူအသင်း၏ဒတ်ချ်လူမျိုး နည်းပြ တန်ဟက်ဂ် အဓိကပစ်မှတ်ထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး သူ၏ကွင်းလယ်ကို အေဂျက်စ်တွင် လက်တွဲခဲ့ဖူးသည့် ဒီယွန်းနှင့် တည်ဆောက်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဒီယွန်းသည် ဘာစီလိုနာအသင်းတွင်ကစားသည့် သုံးရာသီအတွင်း ပြိုင်ပွဲစုံ ၁၄၀ ပွဲကစားကာ ၁၃ ဂိုးသွင်းယူပြီး ဘုရင့်ဖလားတစ်လုံးသာ ရရှိခဲ့သည်။