အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပေါ်တိုအသင်းကို ရှုံးနိမ့်သည့်ပွဲမှာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသင်း၏ အဆိုးရွားဆုံးစွမ်းဆောင်မှုဖြစ်သည်ဟု ပွဲအပြီးတွင် ဝန်ခံပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်-၃ တွင် ပေါ်တိုအသင်းကို အဝေးကွင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းရှုံးပွဲကြောင့် အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်အုပ် စု (၃)ပွဲအပြီးတွင် အမှတ်မရသေးဘဲ အုပ်စုအဆင့်မှ လှည့်ပြန်ရရန် နီးစပ်နေပြီဖြစ်သည်။
အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပေါ်တိုအသင်းကို ရှုံးနိမ့်သည့်ပွဲမှာ ယခုရာသီတွင် အဆိုးရွားဆုံးပွဲဖြစ်ပြီး မိမိတို့အနေဖြင့် ယင်းပွဲမှ အမှတ်မရခဲ့သင့်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အီဘရာဟီမိုဗစ်က ”ဒီရာသီ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၃)ပွဲမှာ ဒီပွဲက ကျွန်တော်တို့အသင်းအတွက် စွမ်းဆောင်ရည်အဆိုးရွားဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တိုနဲ့ပွဲမှာ ကျွန်တော်တို့ အမှတ်မရခဲ့သင့်ပါဘူး။ တစ်ခါတလေမှာ ကစားတာဆိုးရွားပေမဲ့ အမှတ်ရတတ်တဲ့ပွဲမျိုး ရှိပါတယ်။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် အီဘရာဟီမိုဗစ်က အသင်း၏လူငယ်ကစားသမားများအနေဖြင့် ချန်ပီယံလိဂ်ရှုံးပွဲများမှ အတွေ့အကြုံယူပြီး ပိုကောင်းအောင် ကြိုးစားရမည်ဟုလည်း အသင်းဖော်လူငယ်ကစားသမားများကို တိုက်တွန်းခဲ့သည်။
၎င်းက ”ကျွန်တော်တို့အသင်းမှာ ဒီနှစ်မှာမှ ချန်ပီယံလိဂ်ကစားဖူးတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့အနေနဲ့ ခြေစွမ်းပိုင်း တိုးတက်ရင့်ကျက်ဖို့ လိုနေပါသေးတယ်။ စီးရီးအေပြိုင်ပွဲမှာ ကြည့်လိုက်မယ်ဆိုရင် သူတို့ ရဲ့တိုးတက်မှုကို မြင်ရမှာပါ။ သူတို့ဟာ စီးရီးအေမှာ သင်ယူခဲ့သလိုမျိုး ချန်ပီယံလိဂ်ပွဲစဉ်တိုင်းကနေ အတွေ့အကြုံယူရမှာပါ”ဟု ဆိုခဲ့သည်။