ပြင်သစ် ရဲ့ အင်အားကြီး ကလပ် တစ်ခုဖြစ်တဲ့ PSG က ပေါ့ဘာ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခြင်းနဲ့ အတူ ယူနိုက်တက် အနေနဲ့ သူတို့ ကစားသမားကို ရောင်းချဖို့ စဉ်းစားသင့်နေပြီလား ဆိုတဲ့ ဖိအား က တနေ့တခြား တိုးပွားလာနေပါတယ်။
ကစားသမား ရဲ့ လက်ရှိ စာချုပ်က 1 နှစ် သက်တမ်းသာ ကျန်ရှိတော့တာကြောင့် ၊ လက်ကျန် အပြောင်းရွှေ့ တစ်လခွဲ ကာလအတွင်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်သွားရဖွယ် ရှိနေပါတယ်။
လက်ရှိ အချိန်ထိတော့ အပြောင်းအရွှေ့ သတင်းတွေက တိတိကျကျ ပုံစံမျိုး ပေါ်ထွက်နေတာ မဟုတ်သော်လဲ ၊ ကစားသမား ရဲ့ အေးဂျင့် လူလည်ကြီး ရိုင်းအိုလာ က PSG နဲ့ စာချုပ်ဆိုင်ရာ ကြိုတင် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတဲ့ အကြောင်း ကောလဟာလ သတင်းရပ်ကွက်မှာ ပြောဆိုနေကြပါတယ်။
ပေါ့ဘာ ဟာ 2016 ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် 89 သန်း နဲ့ ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ တပတ်လုပ်ခ ပေါင် 290000 အထိ ရရှိနေသူ ဖြစ်ကာ ၊ လက်ရှိ အချိန်ထိ စာချုပ်သစ် ကိစ္စ ချုပ်ဆိုမယ့် အကြောင်းကို တစ်ခွန်းမှ မဟသေးပါဘူး။
ပြီးခဲ့တဲ့ လအတွင်း က အင်တာဗျူး တစ်ခုမှာ ဆိုရင် သူ့ရဲ့ လက်ရှိ အနေအထား နဲ့ ပတ်သက်ပြီး “ ကျနော့် စာချုပ်က တစ်နှစ်ပဲ ကျန်တော့တာ လူတိုင်းသိပါတယ်။ ပြီးတော့ သက်တမ်း တိုးဖို့ အတွက်လဲ တိကျတဲ့ ကမ်းလှမ်းမှုမျိုးတွေ ရောက်ရှိလာခြင်း မရှိသေးပါဘူး။ ကျနော် ကတော့ မန်ချက်စတာမှာပဲ ရှိနေဆဲပါ” လို့ ပြန်လည် ဖြေကြားခဲ့ဖူး ပါတယ်။
သူ့ရဲ့ စကားကို ပြန်ကောက်ကြည့်ရရင် လာမယ့် ရာသီအကုန်မှာ ဒုတိယ အကြိမ်မြောက် အလွတ်ပြောင်းရွှေ့ကြေး နဲ့ အိုးထရက်ဖို့ကနေ ထွက်ခွာဖို့ လမ်းကြောင်းနေသလိုပါပဲ။ဒါကြောင့် ယူနိုက်တက် အနေနဲ့ လက်ကျန် အပြောင်းအရွှေ့ ဘောလုံးရာသီ အတွင်း ပေါ့ဘာ ကို ရောင်းချပြီး ငွေ ပြန်ရအောင် ဖော်မလား ၊ ပြောင်းလဲ သွားနိုင်တဲ့ အခြေအနေ အရပ်ရပ်ကို စွန့်စားကြည့်ရင်း ဆက်ထိန်းဖို့ လုပ်ဆောင်သွားမလား ဆိုတာ စောင့်ကြည့်သွားရမှာပါ။
လက်ရှိ သူ ရရှိနေတဲ့ လစာမျိုးကို ပေးချေနိုင်တဲ့ ကလပ်မျိုးက ဥရောပမှာ တော်တော်လေး ရှားပါတယ်။ အဲဒီထဲကမှ PSG တသင်းပဲ တက်တက်ကြွကြွ ရှိနေပြီး ပေါင် 43 သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။
လက်ရှိ အချိန်ထိတော့ PSG ဘက်ကလဲ တရားဝင် ချဉ်းကပ်တာမျိုး မရှိးသေးလို ၊ယူနိုက်တက်ကလဲပေါ့ဘာအတွက်မည်သည့်အသင်းကမျှကမ်းလှမ်းလာတာမျိုးတွေ မရှိသေးပါဘူး။သို့သော် အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ နီးကပ်လာတာ နဲ့ ပေါ့ဘာ ရဲ့ အခြေအနေက အလျှင်အမြန် ပြောင်းလဲသွားနိုင်တဲ့ အချက်ကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ယူနိုက်တက်ဟာ ရီးရဲ မက်ဒရစ် ခံစစ်မှုး ဗာရန်း ကို ခေါ်ယူဖို့ အတွက် အာရုံစိုက် လုပ်ဆောင်လျှက် ရှိနေပါတယ်။
နည်းပြ ဆိုးရှားကတော့ သူ့ရဲ့ ခံစစ်အတွဲကို ဗာရန်း + မက်ဂွိုင်းယား တို့ နဲ့ ပုံဖော်ချင်တာကြောင့် ၊ အပြောင်းအရွှေ့ ကိစ္စတွေကို သူကိုယ်တိုင် ပါဝင်လျှက် ရှိနေပါတယ်။ဗာရန်း ကိုယ်တိုင်ကတော့ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို ရရှိထားတဲ့ အကြောင်းကို ရီးရဲ မက်ဒရစ်ထံ အသိပေးထားသော်လဲ ၊ စပိန် ကလပ်ရဲ့ သဘောထားကိုပဲ အပြည့်အ၀ လေးစားလိုက်နာ သွားမယ့်အကြောင်း ကတိပေးထားပါတယ်။
ဒါကြောင့် ရီးရဲ မက်ဒရစ် နဲ့ ယူနိုက်တက် တို့အကြားသာ အပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားတာ နဲ့ တပြိုင်နဲ့ ဗာရန်း ဟာ ယူနိုက်တက် ဂျာစီကို အလျှင်အမြန် ကိုင်မြှောက်ဖွယ် ရှိနေပါတယ်။လက်ရှိ အချိန်မှာ အဲဒီ ပြောင်းရွှေ့ကြေး ကိစ္စကိုပဲ နှစ်ဖက် တာဝန်ရှိသူတွေ အကြား အကြိတ်အနယ် ဆွေးနွေးနေကြဆဲပါ။