အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ဒီမနေ့မနက်မှာ ကစားသွားတဲ့ ပီအက်စ်ဗွီ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အကယ်ဒမီ က လူငယ် ကြယ်ပွင့်လေးတွေကို ထုတ်မသုံးခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြ လာခဲ့ပါတယ် ။
ပွဲမတိုင်ခင် ကတည်းက အာဆင်နယ် အသင်းဟာ အုပ်စု ပထမ အဖြစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်ခဲ့ပြီး ဖြစ်တာကြောင့် ပီအက်စ်ဗွီ နဲ့ ပွဲမှာ အရန် ကစားသမား အများစု နှင့် လူငယ် ကြယ်ပွင့်တွေကို ပေါင်းစပ်ပြီး ပွဲထွက်လာလိမ့်မယ်လို့ ပရိသတ်တွေက ယူဆထားခဲ့ကြတာပါ ။
ဒါပေမဲ့လည်း နည်းပြ အာတီတာ ဟာ ဗဟို နောက်ခံလူ အတွဲအဖက် အဖြစ် ဆလီဘာ ၊ ဂါဘရီယဲလ် တို့ကိုပဲ ဆက်လက် အသုံးပြု ခဲ့ပြီး နောက်ပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်း ရနေတဲ့ ဟားဗတ်ဇ် ကိုလည်း ပွဲထွက် အသုံးပြု ခဲ့ပါတယ် ။ ဒါ့အပြင် အာတီတာ ဟာ ဒုတိယပိုင်းမှာလည်း အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ရိုက်စ် ၊ ဘန်ဝှိုက် ၊ အော်ဒီဂတ် ၊ ဂျေးဇု တို့ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ပီအက်စ်ဗွီ နဲ့ ပွဲမှာ တိုက်စစ်မှုး အန်ကီးတီးယား ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည် ခွင့်ပြု ခဲ့ရကာ တစ်ဖက် တစ်ဂိုးစီ သရေနဲ့ပဲ ပွဲပြီးဆုံး သွားခဲ့ပါတယ် ။ အာတီတာ က ပွဲအပြီးမှာတော့ ” သူတို့ အိမ်ကွင်းမှာ မရှုံးတာ နှစ်နှစ်လောက် ရှိနေပြီ ဖြစ်တဲ့ အသင်းနဲ့ ပွဲမှာ ကစားသမား ရှစ်ဦး လောက် အပြောင်းအလဲ လုပ်တာက မှန်ကန် သင့်တော်တယ်လို့ ကျနော်ကတော့ မထင်ပါဘူး ။ ”
” ပွဲအခြေအနေ ဘယ်လို ရှိမလဲ တစ်ချက် စောင့်ကြည့်ခဲ့ပြီး ဒီနေ့ပွဲက သူတို့(လူငယ်ကြယ်ပွင့်) အတွက် တကယ့်ကို ကြီးလွန်းနေပါတယ်။ ကျနော်တို့မှာ ပြဿနာ အသေးလေး ၃ ခုလည်း ရှိခဲ့တာကြောင့် လူစားလဲမှုတွေလည်း လုပ်ခဲ့ရပါတယ် ၊ ဒါကြောင့် သူတို့ကို ထည့်လို့ မရတော့တာပါ ၊ ကျနော်တို့ ပွဲကို အမှန်တကယ် ကစားချင်တာကြောင့်လည်း ပါပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။