ဒန်နီမေးလ်က လီဗာပူး အသင်းဟာ ဟာရီကိန်း အတွက် မန်ချက်စတာစီးတီး ၊ ချဲလ်ဆီး တို့ထက် ပိုမို အံဝင်မယ့် အသင်း ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူး အသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ရှိနေပေမယ့်လည်း တော့တင်ဟမ် အသင်းခေါင်းဆောင်ဟာ ၎င်းတို့ ပစ်မှတ်ထဲမှာတော့ ပါဝင်ခြင်း မရှိပါဘူး။
ဒါပေမယ့်လည်း ဒန်နီမေးလ် ကတော့ လီဗာပူး အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ ယုံကြည် နေပါတယ်။ ဟယ်ရီကိန်းဟာ ယခု နွေရာသီ အပြောင်းအရွေ့ စတင် ဖွင့်လှစ်ကတည်းက တော့တင်ဟမ် ကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေကြောင်းကို ဥက္ကဋ္ဌ ဒန်နီရယ်လီဗီထံ အသိပေးထားခဲ့ပြီး ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင်ကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး အပြင် မန်ချက်စတာမြို့ခံ မန်စီးတီး နဲ့ မန်ယူနိုက်တက် တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြ ပါတယ်။ ဒီနွေရာသီမှာ ဟယ်ရီကိန်း တော့တင်ဟမ် ကနေ ထွက်ခွာနိုင်ဖို့ အတွက် အကြီးမားဆုံး အတားအဆီးကတော့ လီဗီဟာ အင်္ဂလန် အသင်းခေါင်းဆောင် အတွက် ပေါင်သန်း ၁၅၀ ထိ အလို ရှိနေတာပဲ ဖြစ်ပါတယ်။
လီဗာပူးဟာ ကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်ခြင်း မရှိပေမယ့် လိဒ်ယူနိုက်တက် နောက်ခံလူဟောင်း မေးလ်က ကိန်းဟာ လက်ရှိ အပြောင်းအရွေ့ သတင်းထွက်နေတဲ့ အသင်းတွေထက်စာရင် ယာဂန်ကလော့ရဲ့ လီဗာပူးနဲ့ ပိုမို အံဝင်မယ့်သူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မေးလ်က “လီဗာပူး အနေနဲ့ အထောင် တိုက်စစ်မှုး စစ်စစ် တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားသင့် ပါတယ်။ ကိန်းဟာ ပွဲအတွင်းမှာ နောက်ကို အနည်းငယ် ဆင်းကစားပြီး နံပါတ် ၉ အနေနဲ့ကော နံပါတ် ၁၀ တာဝန်ကိုပါ ယူကစားတဲ့ သူပါ။ ဒါ့ကြောင့် သူ့ရဲ့ ကစားဟန်ဟာ လီဗာပူးနဲ့ အံဝင်ခွင်ကျ ပါပဲ။ မာနေးဟာ ညာခြမ်းကနေ အတွင်းကို ဝင်ကစားပြီး ဆာလားဟာ ဘယ်ခြမ်း တိုက်စစ်ကနေ အတွင်းကို ချိုးဝင် ကစားသူပါ။ အကယ်၍ ကိန်းသာ အလယ်မှာ ရှိနေမယ် ဆိုရင် သူဟာ ဆာလား နဲ့ မာနေး တို့အတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့ အပြင် သူကိုယ်တိုင် အတွက်လည်း ကောင်းမှာပါ။
သူဟာ လီဗာပူးကိုတော့ ပြောင်းရွေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒါပေမယ့် လီဗာပူးဟာ သူနဲ့ အထူး အံဝင်မယ့် အသင်း ဖြစ်ပါတယ်။ ဆွန်ဟာ အရမ်းကို ထူးချွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် လီဗာပူးမှာ ဆိုရင် သူဟာ တစ်ဖက်တစ်ချက်မှာ တကယ့်ကို အရည်အသွေးမြင့်နဲ့ ကစားသမား ၂ ဦးနဲ့ တွဲကစားခွင့် ရမှာ ဖြစ်ပြီး ဂျိုတာ ကလည်း ရှိနေပါသေးတယ်။ ဒါဟာ တကယ့်ကို မယုံနိုင်စရာ တိုက်စစ် အတွဲ ဖြစ်လာမှာပါ။
ကျွန်တော် ဆိုလိုတာက အံဝင်မှု အပိုင်းကို ပြောတာပါ။ လီဗာပူးဟာ သူနဲ့ အကိုက်ညီဆုံး အသင်း ပါပဲ။ သူ အန်ဖီးကို ပြောင်းရွေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်သလား? လုံး၀ မထင်မိပါဘူး။” လို့ ပြောလိုက်ပါတယ်။