ပရီးမီးယားလိဂ်ကလပ် ချာလ်တန်အသင်းတွင် ကစားခဲ့ဖူးသည့် နောက်ခံလူဟောင်း ရစ်ချက်ရူဖက်စ်သည် မိတ်ဆွေများနှင့် မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်မှုဖြင့် ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်ခံခဲ့ရကြောင်း သိရသည်။
အသက် ၄၈ နှစ်ရှိပြီဖြစ်သူ ရူဖက်စ်သည် ချာလ်တန်အသင်း၌ ၁၉၉၃ မှ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့ဖူးပြီး ၂၈၈ ပွဲကစား၊ ၁၂ ဂိုးသွင်း ယူပေးခဲ့သလို အင်္ဂလန် ယူ-၂၁ လက်ရွေးစင်အဖြစ်လည်း ခြောက်ပွဲ ကစားခွင့်ရခဲ့သူဖြစ်သည်။
၁၉၉၅-၁၉၉၆၊ ၁၉၉၉-၂၀၀၀ ရာသီ First Division (ယခုချန်ပီယံရှစ်) ပြိုင်ပွဲ၏ PFA အကောင်းဆုံး အသင်းတွင် ပါဝင်ခွင့်ရခဲ့သူ ရူဖက်စ်သည် လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်မှုများဖြင့် Southwark Crown တရားရုံးက ထောင်ဒဏ်ခုနစ် နှစ်ခွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရရှေ့နေများ၏ ပြောကြားမှုအရ ရူဖက်စ်က ၎င်းမှာ နိုင်ငံခြားငွေကြေးရောင်းဝယ်လဲလှယ်သူတစ်ဦး ဖြစ်သည်ဟု မိတ်ဆက်လေ့ရှိကြောင်း၊ ၎င်း၏သားကောင်များအား အန္တရာယ်နည်းသောအစီအစဉ်တွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်စည်းရုံးခြင်းဖြစ်ကြောင်း သိရသည်။
ရူဖက်စ်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအား ပေါင် ၁၅ သန်း နစ်နာဆုံးရှုံးစေခဲ့ကြောင်း သိရပြီး ၎င်းသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင်လည်း မအောင်မြင်သောရင်းနှီးမြှုပ်နှံမှု အကြောင်းပြချက်ဖြင့် ဒေဝါလီခံခဲ့ဖူးသည်။