လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က မန်စီးတီးအသင်းနှင့် (၆)မှတ် ကွာဟသွားသော်လည်း ရာသီကုန်ဆုံးရန် များစွာလိုသေးကြောင်းနှင့် မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာအသင်းကို အဝေးကွင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီး(၅၀ မှတ်)နှင့် (၉)မှတ်အထိ ကွာဟသွားခဲ့သည်။
ထို့ကြောင့် လီဗာပူးလ်ပရိသတ်အချို့က ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မရနိုင်တော့ကြောင်းနှင့် ဖလားလက်မဲ့ မဖြစ်အောင် Carabao Cup (လိဂ်ဖလား)၊ FA ဖလားတို့တွင်သာ ကြိုးစားသင့်ကြောင့် လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြသည်။
သို့သော် ဗန်ဒိုက်က ပရီးမီးယားလိဂ်ရာသီပြီးဆုံးရန် များစွာလိုသေးပြီး အရာအားလုံး ဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗန်ဒိုက်က ”ကျွန်တော်တို့ ဘာပြောနိုင်ဦးမှာလဲ။ အခုမှ ဒီဇင်ဘာပဲရှိသေးပြီး ရာသီကုန်ဆုံးဖို့က အများကြီး လိုပါသေးတယ်။ ဒီတော့ အရာအားလုံးဖြစ်နိုင်ပါတယ်။ COVID နဲ့ ဒဏ်ရာပြဿနာတွေလည်း ရှိနေပြီး ပြောင်းလဲမှုတွေ အများကြီးမြင်တွေ့နိုင်ရပါတယ်” ဟု ဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းအဓိကကစားသမားများဖြစ်သည့် ဆာလာ၊ မာနေနှင့် ကီတာတို့ကို အာဖရိကနိုင်ငံများဖလားအတွက် လက်လွှတ်ရမည်ဖြစ်ရာ ပိုအားနည်းသွားမည်ဟု သုံးသပ်မှုများရှိနေသည်။