spot_img

ပထမပိုင်းအပြီးမှာပင် တစ်သင်းလုံးကို လူစားလဲချင်ခဲ့ကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက် ဝန်ခံ

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် ဘရန့်ဖို့ဒ်အသင်းအား အဝေးကွင်း၌ (ဝ-၄)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် ပထမပိုင်းအပြီးမှာပင် တစ်သင်းလုံးကို လူစားလဲချင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

“ကျွန်တော် သုံးယောက် (လီဆန်ဒရိုမာတီနက်၊ လုခ်ရှော၊ ဖရက်ဒ်) ကို လူစားလဲခဲ့တယ်။ ဒါပေမဲ့ သူတို့ အားလုံးကို အပြောင်းအလဲလုပ်ချင်ခဲ့တာပါ။ ကစားပွဲထဲကို လန်းဆန်းတက်ကြွတဲ့ခွန်အားတချို့ ကျွန်တော်တို့ ထည့်ပေးချင်လို့ပါ။ အဲဒါက လူစားလဲလိုက်တဲ့ တစ်စုံတစ်ဦးကိုလည်း မရည်ရွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဆိုရင် သူတို့အပေါ် ရိုးသားမှုရှိတယ်လို့ ကျွန်တော်မထင်လို့ပါ။ ဒီပွဲကို ကျွန်တော်တို့အားလုံး မြင်ကြမယ်လို့ ထင်တယ်။ ဘရန့်ဖို့ဒ်က ပိုပြီးဆာလောင်နေတယ်လို့လည်း ကျွန်တော်ထင်တယ်။ အဲဒီအကြောင်း မေးခွန်းထုတ်ရမှာပါ။ ခင်ဗျားဆီမှာ အစီအစဉ်ကောင်းတစ်ခုရှိနိုင်ပေမဲ့ အဲဒီဟာကို အမှိုက်ပုံးထဲထည့်ထားရပါမယ်” ဟု ၎င်းက ပြောကြားသည်။

myan789

ထို့ပြင် တန်ဟက်က အသင်းအတွက် ကစားသမားသစ်များခေါ် ယူရန် လိုအပ်ကြောင်းနှင့် အရည်အသွေးမြင့်ကစားသမားများ လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ကစားသမားသစ်တွေ လိုအပ်ပါတယ်။ အရည်အသွေးမြင့်ကစားသမားတွေလိုအပ်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ လုပ်နေပါတယ်။ သူတို့တွေ အသင်းကိုရောက်လာဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီး စည်းရုံးသွားမှာပါ။ အသင်းအနေနဲ့ တာဝန်ယူမှုရှိရပါမယ်။ ပရိသတ်တွေအတွက်တော့ ကျွန်တော် တကယ် စိတ်မကောင်းပါဘူး” ဟု တန်ဟက် က ဆိုသည်။

မန်ယူအသင်းအနေဖြင့် နေ့တစ်နေ့အပြီးတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးနေရာ ရပ်တည်ရခြင်းမှာ ၁၉၉၂ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် စနေနေ့ ညပိုင်းက ဘရန့်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အဝေးကွင်း၌ လေးဂိုး ပြတ် ရှုံးနိမ့်ခဲ့သည်။ မန်ယူအသင်း၏ ပွဲထွက်စာရင်းတွင် စီရော်နယ်လ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ အဲရစ်ဆင်၊ ဖရက်ဒ်၊ မက်ဂွိုင်းရား၊ လီဆန်ဒရိုမာတီနက်ဇ်၊ လုခ်ရှော၊ ဒါလော့၊ ဒီဟေးယား (ဂိုး) စသည့်ကစား သမားများဖြင့် လူစုံပါဝင်သော်လည်း ပထမပိုင်းအပြီးမှာပင် ဘရန့်ဖို့ဒ် အသင်းအား လေးဂိုးအထိ ခွင့်ပြုခဲ့ရ ခြင်းဖြစ်သည်။ မန်ယူအသင်းအနေ ဖြင့် ယင်းကဲ့သို့ ပထမပိုင်းအပြီးတွင် လေးဂိုးပေးရခြင်းမှာ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်ဖြစ်ပြီး ၂၀၂၀ အောက်တိုဘာတွင် စပါးနှင့် ၂၀၂၁ အောက်တိုဘာတွင် လီဗာပူးလ်အသင်းတို့ကို အလားတူခွင့်ပြုခဲ့ရဖူးသည်။

မန်ယူအသင်းသည် ရာသီအဖွင့် ပွဲစဉ် (၁) တွင် ဘရိုက်တန်အသင်းကိုလည်း အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံး နိမ့်ထားရာ နှစ်ပွဲကစား၊ နိုင်ပွဲနှင့် သရေပွဲမရှိဘဲ နှစ်ပွဲရှုံး၊ သွင်းဂိုးတစ်ဂိုး၊ ပေးဂိုးခြောက်ဂိုးဖြင့် ဇယားအောက်ဆုံးနေရာသို့ ရောက်ရှိသွားသည်။

ယင်းကဲ့သို့ နေ့တစ်နေ့အပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာတွင် ရပ်တည်ရခြင်းမှာ ပရီးမီးယားလိဂ်နာမည်ဖြင့် စတင်ကျင်းပခဲ့သည့် ၁၉၉၂ ခုနှစ် သြဂုတ် ၂၁ ရက်နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် မတ်လမှစတင်ကာ ပရီးမီးယားလိဂ် အဝေးကွင်းခုနစ်ပွဲဆက် (ပြီးခဲ့သည့်ရာသီတွင် ခြောက်ပွဲ) ရှုံးနိမ့်ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အဝေးကွင်းစွမ်းဆောင်ရည်အဖြစ်လည်းကောင်း၊ နည်းပြဖြစ်သူ အဲရစ်တန်ဟက်မှာလည်း ၁၉၂၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း ရာသီအဖွင့် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သည့် ပထမဆုံး မန်ယူအသင်းနည်းပြအဖြစ်လည်းကောင်း၊ ဖာဂူဆန်နောက်ပိုင်း ကိုင်တွယ်ခဲ့သည့် မန်ယူ အသင်းနည်းပြများအနက် ရာသီအဖွင့်နှစ်ပွဲတွင် ပေးဂိုးအများဆုံး နည်းပြအဖြစ်လည်းကောင်း မှတ်တမ်းဝင်သွားပြီဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular