PSG အသင်းပိုင်ရှင်များသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နေမာကို စိတ်ပျက်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
PSG အသင်းသည် အသက် ၃၀ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား နေမာကို ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ခေါ်ယူခဲ့သည်။
သို့သော် နေမာသည် PSG အသင်းတွင် ဒဏ်ရာပြဿနာများနှင့် မကြာခဏ ရင်ဆိုင်နေရသလို အသင်းဖော်များနှင့်လည်း ပြဿနာတက်လေ့ရှိပြီး ရီးယဲလ်အသင်းအား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် အသင်းဂိုးသမား ဒွန်နာရမ်မာနှင့် အဝတ်လဲခန်းတွင် ရန် ဖြစ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် PSG အသင်းတာဝန်ရှိသူများသည် နေမာကို စိတ်ပျက်နေပြီး ၎င်းအားခေါ်ယူခဲ့ခြင်းမှာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးခေါ်ယူမှုဟု ယူဆနေကြကြောင်း Marca က ဖော်ပြခဲ့သည်။ ထို့ကြောင့် PSG အသင်းတာဝန်ရှိသူများသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် နေမာကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
PSG အသင်းအနေဖြင့် နေမာကို ခေါ်ယူစဉ်ကကဲ့သို့ စျေးရရန် မဖြစ်နိုင်ဘဲ ယူရို သန်း ၁၀၀ အောက်ဖြင့် ရောင်းထုတ်ရဖွယ်ရှိကြောင်း သိရသည်။ နေမာသည် ယခုရာသီတွင်လည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည်။