PSG အသင်းတိုက်စစ်မှူး နေမာကို ခြေချင်းဝတ်ဒဏ်ရာရရှိအောင် ဖျက်ထုတ်ခဲ့သည့် လိုင်ယွန်အသင်းကွင်းလယ်လူ သီယာဂိုမန်ဒက်စ်သည် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ခံနေရကြောင်း သိရသည်။
နေမာသည် တနင်္ဂနွေနေ့က လိုင်ယွန်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ပြိုင်ဘက်ကစားသမား သီယာဂိုမန်ဒက်စ်၏ ကြမ်းတမ်းသည့်ဖျက်ထုတ်မှုကြောင့် ဝဲဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။
နေမာ၏ဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိသလို ၎င်းအား ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့် သီယာဂိုမန်ဒက်စ်မှာလည်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
နေမာနှင့် တစ်နိုင်ငံတည်းသားဖြစ်သူ သီယာဂိုမန်ဒက်စ်သည် ပွဲအပြီးတွင် ပြန်လည်တောင်းပန်သည့်ဗီဒီယိုနှင့် ဒဏ်ရာမပြင်းထန် စေရန် မျှော်လင့်ကြောင်း ရေးသားထားသည့်စာကို လူမှုကွန်ရက်တွင် တင်ခဲ့သော်လည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရကြောင်း လိုင်ယွန်အသင်းနည်းပြ ရူဒီ ဂါစီယာက အတည်ပြုပြောကြားသည်။
PSG အသင်းသည် နေမာ၏ဒဏ်ရာကို ဗုဒ္ဓဟူးနေ့တွင် ထပ်မံစစ်ဆေးခဲ့ပြီး ဆောင်းရာသီအနားပေးချိန်မတိုင်မီ ၎င်း ပြန်ကစား နိုင်ဖွယ်ရှိမရှိ မေးမြန်းမှုကို နည်းပြ သောမတ်စ်တူဟယ်လ်က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
နေမာသည် ယခုရာသီ လီဂူး-၁ ပြိုင်ပွဲတွင် (၃)ဂိုးနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၆)ဂိုး သွင်းယူပေးထားသူဖြစ်သည်။