မနေ့ညက ကစားသည့်ပွဲတွင် အဲဗာတန်ကို အဝေးကွင်းတွင် ၄-၁ ဖြင့်အနိုင်ရရှိခဲ့သော်လည်း မည်သည့်အခြေအနေကိုမျှကျိန်းသေ တွက်ဆ၍ မရနိုင်ကြောင်း အဆင့် ၄ အတွင်းဝင်ရန် သေချာနေပြီဟု ယူဆ၍ မရကြောင်း နယူးကာဆယ်အသင်းမန်နေဂျာ အက်ဒီဟောင်းက ပြောဆိုလိုက်သည်။
နယူးကာဆယ်သည် လက်ရှိအချိန်တွင် ၃၂ ပွဲကစား ၆၂ မှတ်ဖြင့်အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး အဆင့် ၄ နေရာမှ မန်ယူထက် ၂ ပွဲပိုကစားကာ ၂ မှတ်အသာရနေသည်။ အက်ဒီဟောင်းက “လက်ရှိနယူးကာဆယ်ရဲ့အခြေအနေက ဘာကိုမှ သေချာပြီလို့ တွက်ဆလို့မရသေးပါဘူး။ စပါးနဲ့ အဲဗာတန်နှစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲနှစ်ပွဲကနေ ၆ မှတ်ရလိုက်တာဆိုတော့ အခြေအနေကောင်းသွားတာကတော့ မှန်ပါတယ်။”
” တက်တက်ကြွကြွအားပေးတဲ့ ပြိုင်ဘက်အဲဗာတန် ကွင်းမှာ နယူးကာဆယ်က ပွဲကိုထိန်းချုပ်နိုင်တယ်လို့တော့ ပြောလို့ရပါတယ်။ ပထမဂိုးက ဒီပွဲအတွက် အရေးပါပြီး အကောင်းဆုံးအချိန်မှာသွင်းယူနိုင်ခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ ယုံကြည်မှုတွေပိုရလာတာကို ဒုတိယပိုင်းမှာသိသာပါတယ်။ ပထမပိုင်းမှာတော့ အဲဗာတန်အသင်းရဲ့ ဖိအားပေးတာကို ရင်ဆိုင်လိုက်ရသေးတယ်။ ဒီနေ့ပွဲပထမပိုင်းမှာ နယူးကာဆယ်က ကျွန်တော်မျှော်လင့်ထားသလို ကစားနိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ကစားကွက် ခွန်အား ပြိုင်ဘက်ကို ဖိအားပေးနိုင်မှု အားလုံးပြည့်စုံပါတယ်။ နယူးကာဆယ်သည် အဆင့် ၄ အတွင်းဝင်ပါက နှစ်ပေါင်း ၂၀ ကြာဝေးကွာနေသော ချန်ပီယံလိဂ်ပြိုင်ပွဲကိုလာမည့်နှစ်တွင် ဝင်ရောက်ကစားခွင့် ရရှိမည်ဖြစ်သည်။