ဂျူဗင်တပ်စ်အသင်း၏ ယခုရာသီရလဒ်များကြောင့် တစ်ကျော့ပြန်နည်းပြ အယ်လီဂရီကို ရာထူးမှထုတ်ပယ်ရန် အသင်းပရိသတ်များ၏တောင်းဆိုမှုများ မြင့်တက်လာနေသော်လည်း စာချုပ်သက်တမ်းကြောင့် အသင်းအနေဖြင့် စဉ်းစားဖွယ်မရှိဟု အီတလီမီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။
အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၅ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားပြီး လစာငွေမြင့်မားခြင်းနှင့် ရာထူးမှထုတ်ပယ်လျှင် လျော်ကြေးငွေအမြောက်အမြား ပေးချေရမည့်အချက်ကြောင့် ဖြစ်နိုင်ခြေနည်းပါးကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီနှင့် အသင်းဘုတ်အဖွဲ့သည် ၂၀၁၄ မှ ၂၀၁၉ ခုနှစ် အထိ အသင်းကို ကိုင်တွယ်ခဲ့သည့် အယ်လီဂရီအား ကာလရှည်စီမံကိန်းဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေမှာ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခြင်းလည်း ဖြစ်သည်။
ဗင်နီဇီယာအသင်းနှင့် တစ်ဂိုးစီသရေကျသည့် ပွဲအပြီးတွင် အယ်လီဂရီက ”ပထမပိုင်းကစားပုံ ကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗင်နီဇီယာအသင်း ဂိုးမသွင်းယူမီ (၁၀-၁၅)မိနစ်လောက်က အမှောင်ကျသွားသလိုပါပဲ။ ဆလာနီတာနဲ့ပွဲတုန်းကလည်း ဒီလိုပုံစံမျိုးပဲ ဖြစ်ခဲ့ပြီး ကျွန်တော်တို့ ဂိုးမပေးခဲ့ရတာ ကံကောင်းပါတယ်။ ဒါက အလုပ်ပိုလုပ်ရမယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့ဟာ ဖိအားတွေအောက် ရောက်နေခဲ့ပါတယ်။ ဘောလုံးကို ခြေထဲမှာ ကောင်းကောင်း မထိန်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က Space တွေကနေ တိုက်စစ်ဆင်နိုင်ခဲ့တယ်။ သူတို့ကို ပြစ်ဒဏ်ဘောတွေ ကျူးလွန်စေခဲ့ပြီး အဝါကတ်တွေလည်း ရရှိစေခဲ့တာပါ။ ဒါပေမဲ့ ကစားပုံကောင်းတဲ့ ဗင်နီဇီယာအသင်းနဲ့ တွေ့ဆုံမှုမှာ အမှတ်နှစ်မှတ် ဆုံးရှုံးခဲ့ရပါတယ်”ဟု DAZN ရုပ်သံသတင်းဌာနနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
အယ်လီဂရီ၏ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ အမှတ်ပေးပွဲစဉ် (၁၇)ပွဲ ကစားအပြီးတွင် (၅) ပွဲအထိ အရေးနိမ့်ထားပြီး (၈)ပွဲနိုင်၊ (၄)ပွဲသရေဖြင့် အဆင့်(၆)နေရာတွင် ရပ်တည်နေကာ ထိပ်ဆုံးမှအသင်းနှင့် (၁၂)မှတ်အထိ ကွာဟလျက်ရှိသည်။