ဒါဘီ ကောင်တီ အသင်း ကို ယာယီ နည်းပြ အဖြစ် ကိုင်တွယ် နေတဲ့ မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ကတော့ အခုချိန် အထိ ရှုံးပွဲ မကြုံတွေ့ သေးပါဘူး ။ ဒါဘီ ဟာ ယမန်နေ့ ညက ဇယား အထက် ပိုင်းက ဆွမ်းဆိ စီးတီး ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ပြီး ၂ – ၀ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ဒါဟာ သူတို့ အတွက် နောက်ဆုံး ကစား ခဲ့တဲ့ ၆ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ ကစားလာ နိုင်ခဲ့တာ ပါပဲ ။
အိမ်ရှင် ဒါဘီ ဟာ ပွဲ အစ ၄ မိနစ် မှာတင် ကေဇင် ရစ်ချတ် ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ကာ ပထမပိုင်း မပြီးခင် မှာ နောက်ထပ် ၁ ဂိုး ထပ်မံ ရရှိခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ဒါဘီ ကောင်တီ ဟာ အနိုင် ဂိုးတွေ ကို ထိန်း ကစား သွားခဲ့ပြီး ဆွမ်းဆိ စီးတီး ရဲ့ တန်းတက်ရေး မျှော်လင့်ချက် တွေကို အရှိန်တုန့် သွားစေခဲ့ ပါတယ် ။
ပြီးခဲ့တဲ့ ရာသီ တုန်းက အဆင့် ၁၀ နဲ့ ပိတ်သိမ်း ခဲ့တဲ့ ဒါဘီ ဟာ ဒီရာသီ မှာ ရလဒ်တွေ ဆိုးရွား ခဲ့တာကြောင့် နည်းပြ ဖိလစ် ကိုကူး ကိုပင် ထုတ်ပယ် ထားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ကိုကူး ရဲ့ လက်ထောက် နည်းပြ ဖြစ်သူ ဝိန်းရွန်းနီ က အသင်းကို ယာယီ ကိုင်တွယ် နေပြီး ဘုတ်အဖွဲ့ ကတော့ အမြဲတမ်း နည်းပြ ခန့်အပ် ရေးကို လုပ်ဆောင် နေကြပါတယ် ။
ဒါဘီ ဟာ ၂၄ သင်း ပါဝင်တဲ့ ချန်ပီယံရှစ် မှာ ဂိုးကွာခြားချက် နဲ့ တန်းဆင်း ဇုံထဲ ကို ရောက်နေ ခဲ့ ပါတယ် ။ ဒါပေမယ့် ဖိလစ် ကိုကူး ကို ထုတ်ပယ်ပြီး ရွန်းနီ ကိုင်တွယ် စဉ်ကစလို့ ရလဒ်တွေ တိုးတက် လာခဲ့ကာ ဆွမ်းဆိ ကို အနိုင်ယူပြီး မှာတော့ သူတို့ ရှုံးပွဲ မရှိတာ ၆ ပွဲ အထိ ရှိလာ ခဲ့ပါပြီ ။
“ကစားဖို့ ပွဲတွေ အများကြီး ကျန်ပါ သေးတယ် ။ ရာသီ အကုန် မှာ ကျွန်တော်တို့ ဒီနေရာ ( အောက်ဆုံး ၃ သင်း ) မှာ ရှိမနေ ဘူးလို့လည်း ယုံကြည် ထားပါတယ် ။ အခုလို ကျဆင်း လာတာက မကောင်းပါဘူး ၊ ဒါပေမယ့် ပြီးခဲ့တာတွေ ကို မေ့ထားပြီး ရှေ့ဆက် လုပ်ရမယ့် ကိစ္စတွေ ကိုပဲ အာရုံစိုက် သွားရမှာပါ”
“ကျွန်တော်တို့ ဟာ အခု ရောက်နေတဲ့ နေရာထက် ပိုမြင့်တဲ့ နေရာမှာ ရှိနေ သင့်ပါတယ် ၊ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ တန်းဆင်းဖို့ မထိုက်တန် လို့ပါပဲ ၊ ဒါကို အားလုံးလည်း သိကြပါတယ် ။ ပြီးခဲ့တဲ့ လက စပြီး ရလဒ်တွေ တိုးတက် လာပါတယ် ၊ အခုပုံစံ အတိုင်း ဆက်ကြိုးစား သွားမယ် ဆိုရင် အပေါ်ကို ကျိန်းသေပေါက် ရောက်လာ လိမ့်မယ် လို့ ကျွန်တော် ယုံကြည်ထား ပါတယ်” လို့ ရွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။
ရွန်းနီ ဟာ ဒါဘီ အသင်း ကစား သမားတွေ ရဲ့ ထောက်ခံမှု ကိုလည်း ရရှိ ထားပြီး အမြဲတမ်း နည်းပြ ဖြစ်လာ ဖို့ အတွက် အက်စတွန်ဗီလာ လက်ထောက် နည်းပြ ဂျွန်တယ်ရီ နဲ့ အဓိက ယှဉ်ပြိုင် သွားရဖွယ် ရှိတယ် လို့ ကြားသိရ ပါတယ် ။ အကယ်၍ ရွန်းနီ သာ ဒါဘီ ကို တန်းမဆင်း ရအောင် ကယ်တင်နိုင်မယ် ဆိုပါက ၊ နှစ်သစ် အကူး မှာ တန်းဆင်းဇုံ ကနေ လွတ်မြောက် နိုင်ပါက အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် တာဝန် ပေးခံရဖို့ ရှိနေ ပါတယ် ။
ချန်ပီယံရှစ် ဟာ ပွဲစဉ် ၁၉ အထိ ကစားထားပြီး ခဲ့ပြီး အဆင့် ၁ နေရာမှာ တော့ နောဝှစ်ချ် စီးတီး က ရမှတ် ၄၀ နဲ့ ဦးဆောင် နေခဲ့ ပါတယ် ။ ဒုတိယ နေရာမှာ ဘုန်းမောက်က 37 မှတ် နဲ့ ရပ်တည် နေပြီး ဝက်ဖိုဒ့် ၊ ဆွမ်းဆိ ၊ ရီးဒင်း နဲ့ ဘရန့်ဖိုဒ့် တို့ က နောက်မှာ အစဉ်လိုက် ရပ်တည် နေကြပါတယ် ။
ချန်ပီယံရှစ် ရဲ့ အဆင့် ၁ နဲ့ ၂ အသင်းတွေ ဟာ ပရီးမီးယားလိဂ် ကို တိုက်ရိုက် တန်းတက်ခွင့် ရရှိ မှာ ဖြစ်ပြီး အဆင့် ၃-၄-၅-၆ အသင်းတွေ ကတော့ ဆီမီး ဖိုင်နယ် ပုံစံ ရှုံးထွက် ကစားပြီး ဗိုလ်စွဲတဲ့ တစ်သင်း ဟာ ပရီးမီးယားလိဂ် တန်းတက်ခွင့် ကို ရရှိ မှာပဲ ဖြစ် ပါတယ် ။