ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းက ၎င်း၏ နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် ဓားပြတိုက်ခံရပြီးနောက် မိမိတို့မိသားစုအနေဖြင့် နေအိမ်တွင်ပင် လုံခြုံမှုရှိသည်ဟု မခံစားရတော့ကြောင်း ၎င်း၏ Twitter တွင် ရေးသားခဲ့သည်။
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညပိုင်းတွင် သေနတ်နှင့် သံတုတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား (၄) ဦးသည် အူဘာမီယန်းနှင့် ၎င်းမိသားစု နေအိမ်သို့ ဝင်ရောက်ကာ ဓားပြတိုက်ခဲ့သလို၊ အူဘာမီယန်းကို ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
သြဂုတ် (၃၁) ရက် (ဗုဒ္ဓဟူး နေ့)တွင် အူဘာမီယန်းသည် ၎င်း၏ Twitter တွင် ဓားပြများ၏ သံတုတ်ဖြင့်တိုက်ခိုက်မှုကြောင့် မေးရိုးတွင် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့် နေအိမ်တွင်ပင် လုံခြုံမှုရှိသည်ဟု မခံစားရတော့ကြောင်း ရေးသားခဲ့သည်။
”မက်ဆေ့ချ်ပို့ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တနင်္ဂနွေညမှာ သူရဲဘောကြောင်တဲ့ လူရမ်းကားတချို့ဟာ ကျွန်တော့်အိမ်ကို ဝင်ရောက်လာပြီး ပစ္စည်းလေးနည်းနည်း ခိုးဖို့အတွက်နဲ့ ကျွန်တော့်မိသားစုနဲ့ ကလေးတွေကို ခြိမ်းခြောက်ခဲ့ကြပါတယ်။ သူတို့ကြောင့် ကျွန်တော့် မေးရိုးမှာ ဒဏ်ရာရခဲ့ပါတယ်။ ကံကောင်းတာက တခြားလူတွေ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမရခဲ့တာပါ။ ကိုယ့်အိမ်မှာတောင် လုံခြုံမှုမရှိတော့ဘူးလို့ ကျွန်တော်တို့ ခံစားနေရပြီး ဒါက တော်တော်လေးဆိုးပါတယ်”ဟု ရေးသားခဲ့သည်။
ဘာစီလိုနာအသင်းသည် အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် အူဘာမီယန်းတို့မိသားစုကို ကြယ်ငါးပွင့်အဆင့် ရှိဟိုတယ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ခဲ့စေပြီး အူဘာမီယန်းအနေဖြင့် စိတ်ပညာဆရာဝန်များနှင့်ပါ ဆွေးနွေးခဲ့ရကြောင်း သိရှိရသည်။