spot_img

ဒီရာသီ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ ရူဒီဂါ

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘရာဇီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ ရှုံးနိမ့်ခဲ့ပါတယ် ။

ဒီရာသီ အစ တောက်လျှောက် ကြွေတက်နေခဲ့တဲ့ ချဲလ်ဆီး အတွက် ဒါဟာ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ ရှုံးပွဲလည်း ဖြစ်ပါတယ် ။ သို့ပေမယ့် အင်အားကြီး အသင်းတွေထဲမှာ အခက်ခဲဆုံး အဖွင့် ပွဲစဉ်ဇယားနဲ့ စတင်ခဲ့ရတဲ့ ၎င်းတို့ အတွက် လောလောဆယ် အခြေအနေ က လက်ခံလို့ ရနေဆဲ ဖြစ်ပါတယ် ။

myan789

ဒီပွဲမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကလည်း သုံးနေကျ ၃ – ၄ – ၃ ကစားကွက်ကို ဖယ်ပြီး ၊ တော့တင်ဟမ်ကို ၃ဂိုးပြတ် အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီ အောင်ပွဲရဲ့ ဒုတိယပိုင်း အတွင်း မိတ်ဆက်ခဲ့တဲ့ ၃ – ၅ – ၂ ကစားကွက်ကို ဒီပွဲမှာ စတင် ပွဲထုတ်ခဲ့ပါတယ် ။ ဒါဟာ အလုပ် မဖြစ်ခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပေမယ့် ၊ ဒီ တချက်တည်းကိုလည်း အပြစ်ပုံချလို့ မရပါဘူး ။

မန်စီးတီး ဟာ ထိုပွဲမှာ အဖက်ဖက် က အသာစီး ရခဲ့သလို ၊ အင်တိုက်အားတိုက် ကစားနိုင်ခဲ့တာကြောင့်လည်း ချဲလ်ဆီးတို့ ဘယ်လိုမှ ခံမနိုင်ပဲ လက်မြှောက် အရှုံးပေးခဲ့ရပါတယ် ။ ချဲလ်ဆီး နောက်ခံလူ အန်တိုနီယို ရူဒီဂါ ကတော့ ဒီရာသီ ၎င်းတို့ရဲ့ ပထမဆုံး ရှုံးပွဲ အပေါ် အခုလိုပဲ မှတ်ချက် ပေးခဲ့ပါတယ် ။

ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရူဒီဂါ က ” ပထမပိုင်း စွမ်းဆောင်ရည် အပေါ် ထွေထွေထူးထူး ရှင်းနေစရာ မလိုဘူးလို့ ထင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ ကစားပုံ အတော်လေး နုံချာခဲ့လို့ပါ ။ ကျွန်တော့ အတွက်တော့ ဒီနေ့ တပွဲလုံး အသင်းက ကောင်းကောင်း မကစားနိုင်ခဲ့ဘူးလို့ ထင်ပါတယ် ။ ”

” အဆုံးမှာတော့ မန်စီးတီးလို အင်အားကြီး ပြိုင်ဖက် တသင်းနဲ့ ရင်ဆိုင်တဲ့အခါ ၊ ဒီလို ကစားပုံမျိုးနဲ့ သွားတုန့်ပြန်လို့ မရပါဘူး ။ ပထမပိုင်းမှာ ကျွန်တော်တို့ ခုခံနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်း အစလေးမှာပဲ ဂိုးပေးခဲ့ရပါတယ် ။ ဒါဟာ လူထိ လမ်းကြောင်းလွှဲ ဂိုးဝင်ခဲ့တာ ဖြစ်ပေမယ့်လည်း ၊ သူတို့နဲ့ ထိုက်တန်မှု ရှိပါတယ် ။ ”

” ကျွန်တော်တို့ အတွက်တော့ ဒါဟာ အသင်းလိုက် အားစိုက်ထုတ်မှုနဲ့ပဲ ဆိုင်ခဲ့တာပါ ။ တဦးချင်း စွမ်းဆောင်ရည်နဲ့ မဆိုင်ပါဘူး ။ ကျွန်တော်တို့မှာ နေရာတိုင်း အတွက် အစားထိုးနိုင်မယ့် အရည်အသွေးမှီ ကစားသမား အလုံအလောက် ရှိပါတယ် ။ ဘယ် ကစားသမား တဦးတယောက် ကမှ အစားထိုးလို့ မရဘူး ဆိုတာမျိုး မရှိပါဘူး ။ ”

” တချို့တွေကတော့ ဒီ ရှုံးပွဲ ဟာ နည်းစနစ်နဲ့ ဆိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ် ။ ဒါလည်း မမှန်ပြန်ပါဘူး ။ ဒါဟာ ကျွန်တော်တို့ရဲ့ မြင့်မားတဲ့ ခြေစွမ်း အဆင့်အတန်း တရပ်မှာ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ် ။ ခါတိုင်း ဒါမျိုး ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပေမယ့် ၊ ဒီနေ့ပွဲမှာတော့ ဒီလို စွမ်းဆောင်ရည်မျိုး ကင်းမဲ့ခဲ့လို့ ၊ အပြစ်ပေးခံခဲ့ရတဲ့ သဘောပါပဲ ။ ”

” ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီး ကို အခုလိုပဲ ခံစစ်ကနေ တိုက်စစ် အသွင်ပြောင်းတဲ့ ကစားပုံ အတိုင်း ချဉ်းကပ်ခဲ့တာပါပဲ ။ အဲဒီ ပွဲတွေမှာ ဒီနေ့လို အခက်အခဲမျိုး မကြုံခဲ့ရပါဘူး ။ ဒီတော့ ရှုံးပွဲ ဟာ ကျွန်တော်တို့ အပေါ်ပဲ ပိုပြီး မူတည်ခဲ့ပါတယ် ။ သူတို့ဟာ ကစားပုံ ကောင်းခဲ့ပေမယ့် ၊ ကျွန်တော်တို့က အကောင်းဆုံး ပုံစံမှာ ရှိမနေခဲ့ပါဘူး ။ ”

” ဒါဟာ ဒီရာသီမှာ ပြိုင်ဖက် တသင်းက ကျွန်တော်တို့ထက် သိသိသာသာ ကစားပုံ ပိုကောင်းခဲ့တဲ့ ပထမဆုံးပွဲပါပဲ ။ သူတို့ဟာ ကျွန်တော်တို့ထက် ပိုပြီး ပြေးလွှား ကစားနိုင်ခဲ့သလို ၊ သူတို့ဟာ ကျွန်တော်တို့ကို တပွဲလုံး အခက်တွေ့စေခဲ့ပါတယ် ။ ဒါပေမယ့် ရှုံးပွဲကတော့ ကျွန်တော်တို့ ကစားပုံ မကောင်းခဲ့တာနဲ့ ပိုပြီး ဆိုင်ခဲ့ပါတယ် ။ ဒါဟာ အရမ်း စိတ်ပျက်ဖို့ ကောင်းပါတယ် ။ ”

” ဒီနေ့ဟာ ကျွန်တော်တို့ အတွက် ဆိုးရွားတဲ့ နေ့တနေ့ ဆိုတာ ဝန်ခံရပါမယ် ။ ပုံမှန် စွမ်းဆောင်နေကျ အဆင့်အတန်း အတိုင်း ကျွန်တော်တို့ ဒီနေ့မှာ မလုပ်ပြနိုင်ခဲ့ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ် ။ ဒါတွေဟာ နောက်ကစားမယ့် ပွဲဆီ သယ်ဆောင်သွားရမယ့် သင်ခန်းစာတွေ ဖြစ်ပါတယ် ။ ”

” ဒီနေ့လို ရှုံးပွဲမျိုးဟာ ဘယ်အချိန်မဆို ကြုံနိုင်ပေမယ့် ၊ ဒီနေ့လို ကစားပုံမျိုးနဲ့တော့ မဖြစ်ခဲ့သင့်ပါဘူး ။ ရှုံးပွဲ တပွဲကနေ အမြဲတမ်း ပြန်နိုးထနိုင်ဖို့က အရေးကြီးပါတယ် ။ ဒီအတွက် ကျွန်တော်တို့ အခုကတည်းက ပြန်အာရုံစိုက်ရပါတော့မယ် ။ နောက်ပွဲတွေမှာ နိုင်ပွဲ အမြန်ဆုံး ပြန်ရှာနိုင်ဖို့ ကြိုးစားရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular