အင်္ဂလန်တွင် ရက်သတ္တပတ် လေးပတ်ကြာ Lockdown ကာလပြီးဆုံးမည့် ဒီဇင်ဘာ ၂ ရက်နောက်ပိုင်းမှစတင်ပြီး အန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံး Outdoor ကွင်းများ၌ ပရိသတ်ဦးရေ အများဆုံး ၄၀၀၀ အထိကို ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲကြည့်စင်နှစ်ဖက်တွင် တစ်ဖက်ကို အများဆုံး ၂၀၀၀ ဦးစီ ကြည့်ရှုခွင့်ပြုမည်ဖြစ်ပြီး အခြားပွဲကြည့်စင်များကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်။ ပွဲကြည့်စင်နှစ်ဖက်သာရှိသည့် Indoor ကွင်းများတွင်မူ တစ်ဖက်ကို အများဆုံး ၁၀၀၀ ဦးသာ ခွင့်ပြုမည်ဖြစ်ပြီး Indoor ကွင်း၏အများဆုံးသတ်မှတ်ချက်သည် Outdoor ထက် ၅၀ ရာခိုုင်နှုန်းလျော့နည်းနိုင်ခြေရှိသည်။ လက်ရှိတွင် အင်္ဂလန်၌ ထိပ်တန်း အားကစားပြိုင်ပွဲများကိုသာ တံခါးပိတ်ဆက်လက်ကျင်းပနေပြီး အောက်ခြေအဆင့်နှင့် အပျော်တမ်းပြိုင်ပွဲများကိုမူ Lockdown ကာလစတင်သည့် နိုဝင်ဘာ ၅ ရက်ကတည်းက ရပ်ဆိုင်းထားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က COVID-19 ကန့်သတ် စည်းမျဉ်းသစ်များနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်တွင် ယင်းသို့ အားကစားကွင်းများ၌ ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ပေးမည့်အချက်လည်း ပါဝင်ခဲ့သည်။ ပရိသတ်များကြည့်ရှုခွင့်ပေးမည့် သတ်မှတ်ဧရိယာများနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်တွင် တရားဝင်ထုတ်ပြန်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Lockdown ကာလပြီးနောက် အောက် ခြေအဆင့် အားကစားပြိုင်ပွဲများ ပြန်လည် ကျင်းပမှုအပြင် အားကစားလေ့ကျင့်ရေးခန်းမ များနှင့် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများကိုလည်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် အပါအဝင် အားကစားပြိုင်ပွဲများကို ပရိသတ် အကန့်အသတ်ဖြင့် ပြန်လည်ကြည့်ရှုခွင့်ပေးရန် စီစဉ်ထားသော်လည်း စုပေါင်းသီချင်းဆိုခြင်း၊ အော်ဟစ်ခြင်း၊ အရက်ဘီယာသောက် ဆုံးခြင်းများကို ပိတ်ပင်သွားဖွယ်ရှိသည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပရိသတ်များ ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့်ပြုချိန်တွင် ကလပ်အသင်းတစ်သင်းချင်းစီအလိုက် လိုက်နာရမည့်စည်းကမ်းချက်များကို ပေးပို့ထားပြီး ဖြစ်သည်။
ပရိသတ်တစ်ဦးချင်းစီအလိုက် ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို ဖြေကြားရမည်ဖြစ်ပြီး ကွင်းအတွင်းရှိနေစဉ် Mask ကို တစ်ချိန်လုံး တပ်ဆင်ထားရဖွယ်ရှိသည်။ ထို့ပြင် ပရိသတ်တစ်ဦးချင်းအနေဖြင့် ကွင်းအတွင်းသို့ ကိုယ်ပိုင်လက်သန့်ဆေးရည်သယ် ဆောင်မည့်ပမာဏကိုလည်း အများဆုံး ၅၀ မီလီလီတာသာ ခွင့်ပြုမည့်အချက်လည်း ပါဝင်ဖွယ်ရှိကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပရိသတ်များကို ပြီးခဲ့သည့်မတ်လက နောက်ဆုံးကြည့်ရှုခွင့်ပေးခဲ့ပြီး ပထမလှိုင်းအပြီး ဇွန်လ၌ ဘောလုံးရာသီပြန်လည် စတင်ချိန်တွင်မူ တံခါးပိတ်ကစားစေခဲ့ခြင်း ဖြစ်သည်။