အာစင်ဝင်းဂါး နဲ့ မော်ရင်ဟို ဟာ မော်ရင်ဟို ချဲလ်ဆီး အသင်းကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ချိန် နဲ့ မန်ယူနိုက်တက် ကို နှစ်နှစ်ခွဲကြာ ကိုင်တွယ် ချိန်တွေမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် နည်းပြတွေ အဖြစ် ရင်ဆိုင် ခဲ့ကြဖူးသူတွေပါ ။
အာစင်ဝင်းဂါး တစ်ယောက် အာဆင်နယ် အသင်း နည်းပြ အဖြစ် ရှိနေစဉ်တုန်းက မော်ရင်ဟို ရဲ့ စကားစစ်ထိုးမှု မျိုးစုံ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ မော်ရင်ဟို ဟာ အာဆင်ဝင်းဂါး ကို ‘ အရှုံးမှာ စပါယ်ရှယ်လစ် ‘ လို့ သမုတ် ခဲ့ဖူးပြီး သူတို့ နှစ်ဦးကြားမှာ မကြာခဏ စကားလုံး တိုက်ပွဲတွေ ဆင်နွှဲ ခဲ့ကြပါတယ် ။
ဒါပေမယ့် ၂၀၁၈ ခုနှစ် နောက်ပိုင်းမှာ မော်ရင်ဟို နဲ့ အာစင်ဝင်းဂါး တို့ရဲ့ဆက်ဆံရေးဟာ ပိုမို ကောင်းမွန် လာခဲ့ပြီး ဘောလုံးပွဲ အစီအစဉ်တွေမှာ ဝေဖန် သုံးသပ်သူ အဖြစ် အတူတကွ လုပ်ကိုင် ခဲ့ကြဖူးပါတယ် ။
မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ် နဲ့ အင်္ဂလန် ပွဲ အချိန်ပိုမှာ အင်္ဂလန် အသင်း ရရှိ ခဲ့တဲ့ ပင်နယ်တီ နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထား အမြင် ပြောကြား ခဲ့ကြရာမှာတော့ နှစ်ဦးစလုံးရဲ့ အမြင်က တူညီ နေခဲ့ကြပါတယ် ။
မော်ရင်ဟို က talkSport မှာ ” ကျွန်တော် မြင်တဲ့အတိုင်းပဲ ပြောပါမယ် ၊ ဒီတစ်ကြိမ်တော့ ခင်ဗျားတို့ ကျွန်တော်ပြောတာကို ကြိုက်မှာ မဟုတ်ပါဘူး ။ ပင်နယ်တီ လုံးဝ မဟုတ်ပါဘူး ၊ အကောင်းဆုံး အသင်းက နိုင်သွားခဲ့တာပါ ၊ အင်္ဂလန် က နိုင်ဖို့ ထိုက်တန် ပါတယ် ။ “
” အင်္ဂလန် ကစားသွားတာလည်း ကောင်းပါတယ် ၊ ဒါပေမယ့် ပေးသင့် ပေးထိုက်တဲ့ ပင်နယ်တီ လုံးဝ မဟုတ်ပါဘူး ၊ အကောင်းဆုံး အသင်း နိုင်သွားတာပါ ၊ အင်္ဂလန် က ဒိန်းမတ် ထက် ပိုကောင်းခဲ့ပါတယ် ၊ ဒိန်းမတ် ကလည်း ကျနော် မျှော်လင့်ထားတဲ့ ပုံစံ အတိုင်း ကစားပြနိုင်ခဲ့ပါတယ် ။ “
” အင်္ဂလန် က တကယ်ကောင်းခဲ့ပါတယ် ၊ အနိုင်ရဖို့လည်း ထိုက်တန်ပါတယ် ။ ဒါပေမယ့် ကျနော်ကတော့ ပင်နယ်တီ မပေးရမယ့် အခြေအနေလို့ပဲ မြင်ပါတယ် ၊ပြိုင်ပွဲကြီးတစ်ခုရဲ့ဆီမီးဖိုင်နယ် အဆင့်မှာ ဒိုင်လူကြီး အခုလို ဆုံးဖြတ်ချက် ချတဲ့အပေါ် နားမလည် နိုင်ပါဘူး ။ “
” ဘောလုံးလောက က လူတစ်ယောက်အနေနဲ့ အင်္ဂလန် နိုင်သွားတဲ့ အတွက် ဝမ်းသာပါတယ် ၊ သူတို့ အနိုင်ရဖို့ ထိုက်တန်တယ်လို့လည်း ထင်ပါတယ် ။ ဒါပေမယ့် ပင်နယ်တီ ကတော့ မပေးသင့်ဘူးလို့ပဲ မြင်ပါတယ် ၊ ကျနော့်စိတ်ထဲမှာ အင်္ဂလန် နိုင်မယ်လို့ တွေးမိခဲ့ပြီးသားပါ ။ “
အာစင်ဝင်းဂါးကလည်း beIN Sports မှာ ” ပင်နယ်တီ မဟုတ်ပါဘူး ၊ VAR က လူတွေက ဒိုင်လူကြီးကို အဲ့ဒီ ဖြစ်ရပ် ပြန်ကြည့်ဖို့ ဘာကြောင့် မတောင်းဆို ခဲ့တာလည်း ဆိုတာ နားမလည်ပါဘူး ၊ အဲ့ဒီလို အခိုက်အတန့်မျိုးမှာ ဒိုင်လူကြီး အနေနဲ့ ပင်နယ်တီ ဟုတ်မဟုတ် သေချာအောင် ကြည့်ရှု ဆုံးဖြတ်ဖို့ လိုပါတယ် ။ “
” ပင်နယ်တီ ပေးရမယ့် အနေအထားလို့ ပြောရအောင် ရှင်းလင်းတဲ့ အခြေအနေ မဟုတ်ပါဘူး ၊ အနည်းဆုံးတော့ ဒိုင်လူကြီး အနေနဲ့ screen ကို သွားကြည့်သင့်တာပေါ့ဗျာ ၊ VAR ပြန်ကြည့်ဖို့ ဘာကြောင့် မတောင်းဆို သလဲဆိုတာ မသိပါဘူး ၊ ကျွန်တော်ကတော့ ပင်နယ်တီ လို့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။